19.3.15

Windows 10 ကို ယခုနှစ် နွေရာသီတွင် စတင်ဖြန့်ချိမည်ဟု Microsoft အတည်ပြု


 Microsoft ကော်ပိုရေးရှင်းက ၎င်းတို့၏ ကွန်ပျူတာ Operating System အသစ်ဖြစ်သည့် Windows 10ကို နွေရာသီတွင် စတင်ထုတ်ဝေ ဖြန့်ချိသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။


မတ် ၁၇ ရက် ညပိုင်းက ကုမ္ပဏီ၏ Blogမှ အမေးအဖြေ ကဏ္ဍတွင် Operating System ဌာန၏ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ တယ်ရီ မိုင်ယာဆန်က အရေးပါသည့် မေးခွန်းအချို့ကို ဖြေကြားသွားရာ Windows 10 ထွက်ရှိမည့် ခန့်မှန်း အချိန်ကာလလည်း ပါရှိခဲ့သည်။ အသုံးပြုသူများအတွက် Windows စနစ်သစ်ကို မည်သည့်အချိန်တွင် ထုတ်ဝေရန် စီစဉ်ထားကြောင်း မေးမြန်းသည့်အခါ မိုင်ယာဆန်က “ဒီနှစ် နွေရာသီပါ”ဟု ဖြေကြားသွားသည်။

Microsoft သည် Windows 8 အထိ ထုတ်လုပ်ထားပြီးနောက် အသစ်ထွက်မည့် Operating Systemကို အမှတ်စဉ်တစ်ခု ကျော်ကာ Windows 10ဟု အမည်ပေးထားခြင်း ဖြစ်သည်။ Windows 10ကို နိုင်ငံပေါင်း (၁၉၀)တွင် ဘာသာစကား (၁၁၁)မျိုးဖြင့် အသုံးပြုနိုင်အောင် ထောက်ပံ့ပေးမည်ဟု သိရသည်။

လက်ရှိ Windows 7နှင့် Windows 8.1 ထည့်သွင်းထားသော ကွန်ပျူတာများကို Windows 10 အခမဲ့ Download ပြုလုပ် ထည့်သွင်းခွင့် ပေးရန်လည်း Microsoftက စီစဉ်ထားသည်။ ထို့အပြင် Windows Phone 8.1 ထည့်သွင်း အသုံးပြုထားသည့် မိုဘိုင်းကိရိယာများနှင့် ကုမ္ပဏီထုတ် ဂိမ်းစက်ဖြစ်သည့် Xbox Oneတို့ အတွက်လည်း Upgrade အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။

Windows 10ကို နွေရာသီတွင် ဖြန့်ချိသွားချိန်၌ Cortana နှင့် PC ကွန်ပျူတာ အသုံးပြုသူများကို Xbox ဂိမ်းများ ချိတ်ဆက် ကစားခွင့်ပေးမည့် Featureသစ်များ ပါဝင်လာမည်ဟု သတင်းကြီးနေသည်။ PC ကွန်ပျူတာ ဈေးကွက်တွင် Macနှင့် Chrome Operating System အသုံးပြုသည့် ကွန်ပျူတာများ ရောင်းအား တက်ရိပ်ပြပြီး Windows စနစ်သုံး ကွန်ပျူတာများ အတန်ငယ် ရောင်းအားကျဆင်းနေသည်ကို Windows 10ဖြင့် ပြင်ဆင် ကုစားနိုင်မည်ဟုလည်း Microsoftက မျှော်လင့်ထားသည်။

_Ref: USA Today

Credit to : 7Day News

0 comments:

Post a Comment