19.3.15

အိမ်ခြံမြေ ဈေးကွက်အေးသော်လည်း ရန်ကုန်မြို့၌ အထပ်မြင့်အိမ်ရာ စီမံကိန်းများ ဆက်တိုက်ပေါ်ပေါက်လာ

Building-4အိမ်ခြံမြေ ဈေးကွက်အေးသော်လည်း တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နေသကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်း လုပ်ငန်းကြီးများ အကောင်အထည်ဖော်နေသည့် အဆင့်မြင့်အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းများ ပိုမိုတိုးပွားလာနေကြောင်း ပြည်တွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။


ထိုကဲ့သို့ တန်ဖိုးနည်း အိမ်ရာများ၊ နိုင်ငံတကာကွန်ဒိုများ တဖြည်းဖြည်း တိုးပွားလာသော်လည်း အိမ်ခြံမြေ ဈေးကွက်ပေါ်တွင် သက်ရောက်မှု မရှိသေးကြောင်း၊ ဝင်ရောက်လုပ်ကိုင်သူ အများစုမှာ ဈေးကွက်ကြိုတင် ဦးထားသည့် သဘောသာ ရှိနေသည်ဟု Master အိမ်ခြံမြေလုပ်ငန်း ဒါရိုက်တာ ဦးသန်းမြင့်က ပြောသည်။

“မြန်မာပြည်ဈေးကွက်ထဲကို နိုင်ငံခြားအိမ်ရာ လုပ်ငန်းကြီးတွေ ဝင်လာနေကြပါပြီ။ ဒါပေမဲ့ အရမ်းကြီးတော့ တိုးပွားလာတယ်လို့ ပြောလို့မရဘူး။ ဒီနိုင်ငံမှာ အလားအလာကောင်းလို့ ဈေးကွက်ဝင်ဦးတဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးများ၏ ပြောဆိုမှုအရ ရန်ကုန် အိမ်ရာလုပ်ငန်းအတွင်း အထပ် ၂၀ နှင့်အထက် ကွန်ဒိုအိမ်ရာ စီမံကိန်း ၃၀ ကျော်နှင့် အထပ် ၃၀ နှင့်အထက် အထပ်မြင့်အိမ်ရာ အလုံး ငါးခုထက်မနည်း ရှိနေသည်ဟုဆိုသော်လည်း ယင်းလုပ်ငန်းအများစုမှာ တည်ဆောက်ဆဲသာဖြစ်သည်ဟု မဏ္ဍိုင်အိမ်ခြံမြေလုပ်ငန်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

၎င်းက “ရန်ကုန် ဈေးကွက်ထဲကို နိုင်ငံတကာ လုပ်ငန်းကြီးတွေက အိမ်ရာလုပ်ငန်းတွေမှာ ဝင်လုပ်လာတယ်ဆိုပေမယ့် ဒီမှာ ကွန်ဒိုဥပဒေ ကိုယ်တိုင်မထွက်လာသလို တည်ဆောက်မှုတွေကလည်း အနည်းဆုံး ၂၀၁၆ လောက်မှ ရုပ်လုံးပေါ်လာ မယ်ဆိုတော့ ဈေးကွက် အပြောင်းအလဲတွေက အဲဒီအချိန်တွေကျမှ ဖြစ်လာမှာပါ” ဟု ဆိုသည်။

လက်ရှိ ရန်ကုန်အိမ်ရာဈေးကွက်အတွင်း ဒဂုံစီးတီးနှင့် ဂိုးဒင်းစီးတီး အိမ်ရာ စီမံကိန်းများ၊ FMI လုပ်ငန်းစုက အကောင် အထည်ဖော်နေသည့် ကြယ်စင်အိမ်ရာစီမံကိန်း၊ ရွှေနန်းတော်မိသားစုက အကောင်အထည်ဖော်နေသည့် 68 Residence အိမ်ရာ၊ ယခုလကုန်ပိုင်းတွင် စတင်တည်ဆောက်မည့် ကိုရီးယား Inno လုပ်ငန်းအုပ်စုက အကောင်အထည်ဖော်မည့် ရန်ကုန်အင်နို အိမ်ရာ စီမံကိန်း အပါအဝင် စီမံကိန်း ၂၀ ဝန်းကျင်ကို တည်ဆောက်လျက်ရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ က ပြောသည်။

ထိုကဲ့သို့ အဆင့်မြင့်အိမ်ရာများ ဝင်ရောက်သော်လည်း ပြည်တွင်း အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေး လုပ်ငန်းများပေါ်၌ သက်ရောက်မှု မရှိသေးဟု မြရောင်ချယ် အိမ်ခြံမြေလုပ်ငန်းမှ ဦးပိုင်စိုးရာကျော်က ပြောသည်။

Credit to : Mizzima News

0 comments:

Post a Comment