15.5.15

အရန်မီးသတ်များကို အထူးရဲတပ်ဖွဲ့ ခန့်အပ်ရန် ပြင်ဆင်

 ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အရန်မီးသတ်ဝင်များကို အထူးရဲတပ်ဖွဲ့ အဖြစ် သုံးလ တာဝန်ထမ်းဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။


“မဲရုံအရေအတွက်နဲ့ ရဲတပ်ဖွဲ့က မညီမမျှ ဖြစ်နေတယ်၊ တစ်ရုံတစ်ယောက် ထားဖို့တောင် မလွယ်ဘူး၊ ဒါကြောင့် အခြေခံစစ်ရေးပြ နားလည်တတ်ကျွမ်းတဲ့ အရန်မီးသတ်ဝင်တွေကို အထူးရဲတပ်ဖွဲ့ ခန့်အပ်သွားဖို့ စီစဉ်နေတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရဲအက်ဥပဒေ ပုဒ်မ ၂၇ မှ ၃၀ အထိ ပြဋ္ဌာန်းချက်များတွင် တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်အရ အထူးရဲ ခန့်အပ်ဆောင်ရွက်ခွင့် ရှိကြောင်း၊ ရွေးကောက်ပွဲကာလ ကျင်းပမည့် အောက်တိုဘာလ အကုန် နိုဝင်ဘာလဆန်းပိုင်း မစခင် အထူးရဲကို ခန့်အပ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“မြို့နယ်မှာရှိတဲ့ အရန်မီးသတ် အင်အားက On Paper ပေါ်မှာ အရေအတွက် လူစာရင်းကများပြီး လက်တွေ့စာရင်းက နည်းနေတယ်၊ ပြီးတော့ သူတို့အလုပ်နဲ့ သူတို့ မအားလပ်တာကြောင့် အထူးရဲတပ်ဖွဲ့ကို မဝင်နိုင်ကြဘူး၊ ဒါကြောင့် ရပ်ကွက်ထဲက လူတချို့ကို အထူးရဲအဖြစ် အသုံးပြုမယ်ဆို အဆင်ပြေနိုင်တယ်” ဟု အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်တစ်ခုမှ ရဲအရာရှိတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်းစုံတွင် အရန်မီးသတ်ဝင် အင်အား ၁၂,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက်မှ အသက် ၁၈ နှစ်မှ ၅၀ နှစ်ကြားရှိ ပညာအရည်အချင်း အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင်မြင်ထားသူများကို ရွေးချယ်ကာ အထူးရဲအဖြစ် သုံးလ တာဝန်ထမ်းဆောင်ခိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“အထူးရဲ ခန့်မယ့်သူတွေကို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ နည်းဥပဒေ ပုဒ်မတွေ အဓိက သင်ကြားပေးမယ်၊ ကာလတို တာဝန်ထမ်းဆောင်ရတာမို့ အခြား ရဲအရေးကိစ္စတွေမှာ သူတို့ကို တာဝန်မထမ်းဆောင်ခိုင်းဘူး၊ အထူးရဲတစ်ယောက်ရဲ့ ခံစားခွင့် လစာကိုတော့ လတ်တလော မသတ်မှတ်ရသေးဘူး” ဟု ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။

အဆိုပါ အထူးရဲအဖြစ် ခန့်အပ်မည့်သူများမှာ သင်တန်းကာလချိန် နည်းပါးသောကြောင့် ရဲတပ်ဖွဲ့၏ စည်းကမ်းနှင့် ဥပဒေများကို လိုက်နာဆောင်ရွက်ရန် မလွယ်ကူနိုင်ဟု ပြည်သူအချို့၏ ဝေဖန်မှုများလည်း ရှိကြောင်း၊ ခန့်အပ်မည့်သူများမှာ သတ်မှတ်ထားသည့် အရည်အချင်းများအပြင် ၎င်းကိုယ်တိုင် တာဝန်ထမ်းဆောင်လိုစိတ် အပြည့်ရှိသူများကိုသာ ရွေးချယ်ခန့်အပ်မည် ဖြစ်ကြောင်း ရဲမှူးကြီးဝင်းဗိုလ်က ဆက်လက်ပြောကြားသည်။

“သုံးလခန့် အထူးရဲဆိုပေမယ့် လိုက်နာရမယ့် စည်းကမ်းဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးမှာ တာဝန်ထမ်းဆောင်သူ ဖြစ်ရမယ်၊ စည်းကမ်းမလိုက်နာရင် ဥပဒေအရ အရေးယူမယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလများတွင် လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းမှု၊ အတွေ့အကြုံ မရင့်ကျက်မှုများကြောင့် လာမည့် ရွေးကောက်ပွဲကာလတွင် မဲပေးသူများနှင့် မဲဆန္ဒ ဝင်ရောက်ယှဉ်ပြိုင်သူများ လွတ်လပ်မှုနှင့် မျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် ရဲတပ်ဖွဲ့က လုံခြုံရေးပိုင်းဆိုင်ရာကို အထူးတာဝန်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အထူးရဲ ခန့်ခဲ့ဖူးတယ်၊ အခု အရန်မီးသတ်တွေကို အထူးရဲအဖြစ်ခန့်ဖို့ စီစဉ်နေပေမယ့် အင်အားမလုံလောက်ခဲ့ရင် အခြားအဆင်ပြေမယ့် အကောင်းဆုံးနည်းလမ်းကို ထပ်ရွေးရမယ်၊ ကြက်ခြေနီအဖွဲ့က မဲရုံလုံခြုံရေးမှာ မကူညီနိုင်ဘူးလို့ ပြောထားတာလည်း ရှိတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Credit to>>>The Voice Weekly

0 comments:

Post a Comment