14.7.15

တရုတ်တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌ အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံရ


အကျင့်ပျက် လာဘ်စားမှုများဖြင့် ပါတီ၊ အစိုးရနှင့် တရားရေး ထိပ်တန်းအရာရှိများကို စစ်ဆေးနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌကိုလည်း လာဘ်စားမှုဖြင့် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း Fox News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၆၁ နှစ် ရှိပြီဖြစ်သော တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌ ရှီရှောက်မင်သည် တရုတ်ပြည်သူ့ တရားရုံးချုပ်တွင် သြဇာကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
၎င်းသည် ရှန်ဟိုင်းမြူနီစီပယ် နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်တွင်လည်း ဒုတိယအတွင်းဝန် အဖြစ် လုပ်ဆောင်ခဲ့ဖူးသည်။
ရှီရှောက်မင်ကို စစ်ဆေးနေပြီဟု တရုတ်မီဒီယာများတွင် ဖော်ပြထားသည်မှအပ အသေးစိတ်အချက်များကို ရေးသားထားခြင်း မရှိပေ။
ကျန်စုပြည်နယ်သား ရှီရှောက်မင်သည် တရားရေးတွင် အရာရှိ ဖြစ်နေသည်မှာ ၁၉၇၀ ပြည့် အစောပိုင်းကာလများ အတွင်းကတည်းက ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က အကျင့်ပျက်လာဘ်စားမှုများကို တိုက်ဖျက်ရာတွင် ထိပ်သီးကျားကြီးများရော အောက်ခြေအဆင့် ယင်ကောင်များကိုပါ ဖယ်ရှားပစ်မည်ဟု ကြွေးကြော်ထားသည်။
တရုတ်ကွန်မြူနစ်ပါတီက အကျင့်ပျက်မှုများကို တိုင်းပြည်လုံးအနှံ့ တိုက်ဖျက်သည့် စီမံကိန်းကို လုပ်ဆောင်နေသည်မှာ သုံးနှစ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရာတွင် စနစ်ကျသော ပွင့်လင်းမြင်သာမှုကို မဖော်ဆောင်နိုင်သေးကြောင်း ဝေဖန်မှုများ ရှိနေပြီး၊ အကျင့်ပျက်လာဘ်စားမှုများကို အမှန်တကယ် ဖယ်ရှားပစ်စေရေး တောင်းဆိုဆန္ဒပြ လှုပ်ရှားသူများလည်း အဖမ်းခံထားရသည်။
တရုတ်တွင် ရှီကျင့်ဖျင် အာဏာရလာပြီးနောက် အကျင့်ပျက်ခြစားမှုကို အဓိကထား တိုက်ဖျက်မည်ဟု အာဏာရလာစဉ်က ပြောကြားခဲ့သည်။
ဖမ်းဆီးစစ်ဆေးခြင်း ခံနေရသော အရာရှိများ၏ အကျင့်ပျက်ပုံများကို အသေးစိတ် ထုတ်ပြန်ဖော်ပြခြင်း နည်းပါးသည်။
Credit to : The Voice Weekly

0 comments:

Post a Comment