14.7.15

ပီအာရ်ဌာနစိတ် စတင်ဖွင့်လှစ်၊ လျှောက်ထားသူ ၂၉ ဦး ခွင့်ပြု

 နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်(PR) လျှောက်ထားသူ ၁၃၁ ဦးအနက် ၂၉ ဦး အား ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုဌာနစိတ်တွင် ခွင့်ပြုထုတ်ပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်ထုတ်ပေးရန် အမျိုးအစား လေးမျိုးသတ်မှတ်ထားပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀မှ ၁၀၀၀ အထိ ကောက်ခံကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက နိုင်ငံပိုင်ရုပ်သံသို့ ပြောသည်။
 ‘‘အမျိုးအစားလေးမျိုးက ကျွမ်းကျင်နိုင်ငံခြားသား၊ ရင်းနှီး မြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနဲ့ ဆက်စပ်နိုင်ငံခြားသားဆိုပြီး ခွဲခြားထားတယ်။ နိုင်ငံခြားသားကို တစ်နှစ် ဒေါ်လာ ၁၀၀၀ ကောက်ပါတယ်။ မြန်မာနိုင်ငံသားဟောင်းအတွက် တစ်နှစ်အတွက် ဒေါ်လာ ၅၀၀ ကောက်ပါတယ်။ အသက် (၇) နှစ်အောက် ကလေးတွေကို အခမဲ့။ (၇) နှစ်မှ (၁၈) နှစ်အထိ တစ်နှစ် အမေရိကန်ဒေါ်လာ ၃၀၀ ကောက်ခံပါတယ်’’ဟု ၎င်းကဆိုသည်။
၂၀၁၅ ဇန်န၀ါရီ ၂၉ မှ မတ် လ ၃၁ ရက်အထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူပေါင်း ၁၃၄ ဦးရှိခဲ့ပြီး ယင်းအထဲမှ ခွင့်ပြုသင့်သူများအား ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းဖြစ်ကာ ဒုတိယအသုတ်အဖြစ် နိုင်ငံခြားသား ၅၃ ဦးအား အမြဲနေထိုင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။
လျှောက်ထားသူများသည် နိုင်ငံကူးလက်မှတ်၊ အိမ်ထောင်စု လူဦးရေစာရင်း၊ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ပညာရှင်ဖြစ်ကြောင်းအထောက်အထား၊ ရင်းနှီးမြှုပ်နှံသူဖြစ်ပါက ရင်းနှီးမြှုပ်နှံလုပ်ခွင့် ပြုထားသည့် ပါမစ် စသည်တို့လိုအပ်ကြောင်း ဒေါ်အေးအေးဝင်းကပြောသည်။
   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ၂၀၁၄ နိုဝင်ဘာ၁၈ ရက်က ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်၌ စတင်ဖွဲ့စည်းသည်။
Credit to: 7 Day Daily

0 comments:

Post a Comment