14.7.15

သမ္မတ ဦးသိန်းစိန် ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီထံ စာပေးပို့ အကြောင်းကြား

ကျန်းမာရေး အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ဇူလိုင် ၁၃ ရက်က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။


အမည်မဖော်လိုသူ သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦးက “သမ္မတကြီးရဲ့ ကျန်းမာရေး အခြေအနေကြောင့် လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်မယှဉ်ပြိုင်တော့ဘူး ဆိုတာကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းဆီ စာပေးပို့ အကြောင်းကြားခဲ့ပါတယ်” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါစာတွင် သမ္မတဦးသိန်းစိန်က ယခင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ်တွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ယှဉ်ပြိုင်ခဲ့သူ ဦးဌေးဝင်းအား ၀င်ရောက်စေဖို့ အဆိုပြုပြီး တတ်နိုင်သမျှ ကူညီပေးသွားမည်ဟု ဖော်ပြထားကြောင်း BBC သတင်းဌာနက ရေးသားထားသည်။

အဆိုပါစာကို လက်ခံရရှိပြီးနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရကြောင်း Reuters သတင်းတွင် ဖော်ပြထားသော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးကြောင်း ဖော်ပြထားခြင်း မရှိပေ။

အစိုးရအဖွဲ့မှ ပေးပို့ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် သမ္မတဦးသိန်းစိန် ပါဝင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက  ဇူလိုင် ၁၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် မီဒီယာသမား တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ “ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်ဆိုတာတော့ ထင်တယ်။ ပြည်ခိုင်ဖြိုးပါတီကို ပြန်မလာဘူးလို့ ထင်ပါတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၆၂ တွင် “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ” ဟုလည်းကောင်း၊ ပုဒ်မ ၆၃တွင် “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၆၄ တွင် “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့ ပြဋ္ဌာန်းထားမှုများအား ပယ်ဖျက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် အဆိုပြုထားသည့်အပေါ် ပုဒ်မ ၆၂၊ ၆၃၊  ၆၄ တို့ကို ပယ်ဖျက်ရန် အဆိုပြုထားခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မများနှင့် ဆီလျော်ဆက်စပ်မှုမရှိဘဲ နိုင်ငံတော်၏ အခြေခံမူများနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဇွန် ၃၀ ရက်ကပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
Credit to>>>Eleven Media

0 comments:

Post a Comment