13.7.15

အမေရိကန် ဒရုန်းလေယာဉ်များ ထိုးစစ်ကြောင့် IS ထိပ်ပိုင်းခေါင်းဆောင်နှင့် စစ်သွေးကြွများ သေဆုံး



အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် IS အုပ်စု ထိပ်တန်းခေါင်းဆောင်ဖြစ်သူ ဟာဖစ်ဇ်ဆာအိဒ်ကို အမေရိကန် စစ်ဘက် မောင်းသူမဲ့ ဒရုန်းလေယာဉ်များက ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန် ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။


မကြာသေးခင်ရက်ပိုင်း အတွင်း အမေရိကန် ဒရုန်းလေယာဉ်များ စစ်ဆင် ရေး ပြုလုပ်ခဲ့ရာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်စပ်ဒေသတွင် ခြေကုပ် ယူ လှုပ်ရှားနေသည့် IS ထိပ်ပိုင်းခေါင်းဆောင်ကို ချေမှုန်းနိုင်ခဲ့သည်ဟု ထောက်လှမ်းရေး အရာရှိများက ဆိုသည်။

မောင်းသူမဲ့ ဒရုန်းလေယာဉ်များသည် နန်ဂါဟာပြည်နယ်၊ အာချင်ဒေသရှိ အကြမ်းဖက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းခဲ့ကြကြောင်း၊ ထိုးစစ်ကြောင့် ယခင် တာလီဘန် ခေါင်းဆောင်ဟောင်းနှင့် ယခု IS အုပ်စု ခေါင်းဆောင် ဟာဖစ်ဇ်ဆာအိနှင့်အတူ စစ်သွေးကြွ ၃၀ ကျော်ခန့်ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

အာဖဂန်နစ္စတန် အမျိုးသားလုံခြုံမှု ညွှန်ကြားရေးအဖွဲ့ (NDS) က IS အုပ်စု များ စုစည်းနေထိုင်သည့် နေရာများနှင့် ပတ်သက်သော သတင်းအချက် အလက်များကို ဦးစွာရယူခဲ့ပြီးနောက် အမေရိကန် မဟာမိတ်တပ်ဖွဲ့များက လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“NDS ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာသောရလဒ်ဟု ဆိုရမည်။ ISIS စစ်သွေးကြွများ ခြေကုပ်ယူလှုပ်ရှားနေသည့် နေရာအတိ အကျကို မဟာမိတ်တပ်ဖွဲ့များထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်” ဟု အာဖဂန် ထောက်လှမ်းရေး အေဂျင်စီက သတင်းထုတ်ပြန်သည်။

အမေရိကန်စစ်ဘက်ကမူ အာဖဂန်နှင့် ပါကစ္စတန် နယ်စပ်ဒေသတွင် လေကြောင်းထိုးစစ်များ ပြုလုပ်ခဲ့သည်ဟု အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မှုမပြုပေ။“မဟာမိတ်တပ်ဖွဲ့ ဝင်များကို ခြိမ်းခြောက်နေတဲ့ စစ်သွေးကြွတွေကို ထိုးစစ်ဆင်ခဲ့တယ်” ဟု အမေရိကန်စစ်ဘက်မှ ဗိုလ်မှူးကြီး ဘရိန်ထရီဘတ်စ်က ပြောကြားသည်။
ယခုကဲ့သို့ IS အုပ်စု ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး အပါအဝင် စစ်သွေးကြွ များကို အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ချေမှုန်းလိုက်နိုင်ခြင်းသည် အောင်ပွဲတစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်း၊ အကြောင်းမှာ သတ်ဖြတ်ခံ လိုက်ရသော IS ခေါင်းဆောင်သည် အာဖဂန်နစ္စတန်တွင် အကြမ်းဖက် တိုက်ခိုက်မှုပေါင်း မြောက်မြားစွာ ပြုလုပ်ခဲ့ရုံမျှမက အီရတ်တွင်လည်း နယ်မြေသိမ်းပိုက်မှုများ၊ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အာဖဂန်စစ်ဘက် အရာရှိကြီးများက ပြောကြားသည်
Credit to>>> Myanmar International News

0 comments:

Post a Comment