13.7.15

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် လျှပ်စစ်ဓာတ်အား အလျှံပယ်ရရှိရေး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဂျပန်ခရီးစဉ်၌ ညှိနှိုင်းခဲ့ဟု မှော်ဝန်းမြစ်ကူးတံတား ဖွင့်ပွဲတွင် သမ္မတ ပြောကြား


မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ လျှပ်စစ်ဓာတ်အား အလျှံပယ်ရရှိရေး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဂျပန်ခရီးစဉ်တွင် ညှိနှိုင်းခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ၀ဲကြီးကျေးရွာအနီးရှိ မှော်ဝန်းမြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။


နိုင်ငံတော်သမ္မသည် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် မှော်ဝန်းမြစ်ကူးတံတား တည်ရှိရာဒေသသည် သီလ၀ါစက်မှုဇုန်နှင့် ဆက်စပ်ပြီး မကြာမီမှာဖွံ့ဖြိုးတိုးတက်သည့် ဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ပင်လယ်နှင့်နီးစပ်သည့် ယင်းဒေသအား ရေငန်မ၀င်ရေး၊ ရေချိုရရှိရေးအတွက် ရေတံခါးများကိုပြန်ပြု ပြင်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် လျှပ်စစ်မီးအလျှံပယ် ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေနေသည်ဟု ပြောကြားသည်။

လျှပ်စစ်မရရှိဘဲ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ လုပ်ဆောင်၍မရကြောင်း၊ ယင်းလုပ်ငန်းများ ထူထောင်နိုင်မှသာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး တိုင်းပြည်စီးပွားရေး ထိထိရောက်ရောက် တိုးတက်လာမည်ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဒီလုပ်ငန်းအားလုံးကို အခြေခံတာက လျှပ်စစ်မီးဖြစ်ပါတယ်။ လျှပ်စစ်မရှိဘဲ ဘယ်လိုမှ လုပ်လို့မရဘူး။ အဲဒီတော့ အလွယ်ကူဆုံးနည်းနဲ့ အချိန်တိုအတွင်းမှာ အကုန်အကျလည်း သက်သာအောင် လုပ်နိုင်တဲ့နည်းကတော့ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်ရေးပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး အိုဆာကာမြို့တွင်ရှိသည့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံကို လေ့လာခဲ့ကြောင်း၊ ယင်းစက်ရုံမှ မဂ္ဂါဝပ် ၄၁၀၀ ထုတ်ပေးနိုင်ပြီး စက်ရုံသက်တမ်း ၂၇ နှစ်အတွင်း နေ့စဉ် ၂၄ နာရီပတ်လုံး လည်ပတ်နေကြောင်း၊ ကျောက်မီးသွေးကို သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ၀ယ်ယူကြောင်း၊ တိုးတက်သည့် နည်းစနစ်များနှင့် ကျောက်မီးသွေးကို မြေအောက်ကပို့၍ စက်လည်ပတ်နေခြင်းဖြစ်ကာ တစ်ရက်မျှ စက်ပျက်ခြင်းမရှိဟု နိုင်ငံတော်သမ္မတက ပြောပြသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ကျောက်မီးသွေးစက်ရုံ ပတ်ဝန်းကျင်တွင် စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများရှိပြီး မည်သည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမျှ မရှိကြောင်း၊ ဒေသခံများ ထိခိုက်ဒုက္ခ ရောက်မှုများကိုလည်း မတွေ့ရကြောင်း၊ မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်တွင်လည်း မွန်ဂိုလီးယားနိုင်ငံရှိ မြို့ထဲတွင် ကျောက်မီးသွေးစက်ရုံ သုံးရုံရှိသည်ကို တွေ့ ခဲ့ရသည်ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်က “လျှပ်စစ်မီးရနိုင်မယ့် နည်းလမ်းတွေဟာ ကျွန်တော်တို့ဟာ ရေအားလျှပ်စစ်ကို စပြီးတော့ ပြီးခဲ့တဲ့အစိုးရ အဆက်ဆက်က ရေအားလျှပ်စစ်ကို အားထားပြီးတော့ ရေအားလျှပ်စစ် လုပ်ဖို့အတွက်ကလည်း ကျွန်တော်တို့မှာ လိုအပ်တဲ့ အရင်းအနှီးကမရှိ။ အရင်းအနှီးက မရှိတော့ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို ခံထားရတော့ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို ထောက်ပံ့ငွေ၊ ချေးငွေ သက်သာတဲ့ချေးငွေ၊ နှစ်ရှည်ချေးငွေ ဘယ်နိုင်ငံကမှ ကျွန်တော်တို့မရဘူး။ မရတဲ့အတွက်ကြောင့် တရုတ်နိုင်ငံ တစ်နိုင်ငံကပဲ ချေးငွေးတွေရယူပြီးမှ ရေအားလျှပ်စစ်လုပ်ငန်းကို အခြေခံပြီးတော့မှ တိုင်းပြည်ရဲ့ လျှပ်စစ်ကဏ္ဍ တိုးတက်အောင် လုပ်မယ်ဆိုပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ဆိုတာကလည်း ဒီမြစ်ဝကျွန်းပေါ်ဒေသ ဒီလိုဒေသတွေမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။

“တောတွေ တောင်တွေ တောင်ကုန်းတွေရှိတဲ့ အထက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း တွေကိုပဲ အားပြုပြီးတော့မှ ဝေးလံတဲ့ဒေသတွေမှာ ရေအားလျှပ်စစ် စက်ရုံတွေထုတ် ထုတ်ပြီးတော့ အဲဒီကနေ ဒီတောင်ဘက်ပိုင်းကို ရောက်အောင် အဝေးကြီးသွယ်ရတယ်။ သွယ်ရတဲ့အတွက်ကြောင့် ရေအားလျှပ်စစ် စက်ရုံတစ်ရုံထုတ်တဲ့ ကုန်ကျစရိတ်လောက်ပဲ မီးကြိုးတွေသွယ်တန်းရတာ ဓာတ်တိုင်တွေ စိုက်ရတာ အဲဒီနီးပါးအထိ ကုန်ကျပါတယ်။ ရေအားလျှပ်စစ်က ရေများများလောင်းချိန်မှာတော့ အပြည့်အ၀ ရကောင်းရမယ်။ ရေအားလျှပ်စစ် တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရဘူး။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်တာရှိပါတယ်။ သဘာဝဓာတ်ငွေ့ကလည်း ကျွန်တော်တို့မှာ အရင်းအနှီး မရှိတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ကျွန်တော်တို့လုပ်ရတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ရတဲ့အတွက်ကြောင့် ရှယ်ယာလောက်ပဲ ကျွန်တော်တို့ရတာ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကလည်း အားလုံးသိတဲ့ အတိုင်းပဲ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ သူတို့ရဲ့ လုပ်ငန်းတွေဖြစ်တယ်။ သူတို့ရဲ့လုပ်ငန်းတွေမှာ ကျွန်တော်တို့ ရှယ်ယာရတာပဲဖြစ်တယ်။ ဒါကြောင့်မို့ ဒီကနေ့ ကိုယ်တိုင်းပြည်ထဲမှာ မသုံးနိုင်ဘဲနဲ့ တစ်ဖက်နိုင်ငံကို ထုတ်ပြီးတော့ ရောင်းချနေရတဲ့ အထားဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

သဘာဝဓာတ်ငွေ့များကို ဆက်လက်ရှာဖွေနေပြီး အလားအလာကောင်းများ တွေ့ရှိထားကြောင်း၊ သဘာဝဓာတ်ငွေ့ အလျှံအပယ် ထွက်လာပါက သဘာဝဓာတ်ငွေ့ကို အခြေပြုသည့် လျှပ်စစ်ထုတ်လုပ်သည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မှော်ဝန်းတံတား ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားသံတမန်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါတံတားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် လုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ တံတားအရှည်မှာ ပေ ၉၀၀ ခန့်ရှိပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သန်း ၄၄၀၀ ဖြစ်ကြောင်း သိရသည်။

ယခုသမ္မတ ခရီးစဉ်မတိုင်မီ ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်နံဘေးတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ခြောက်လအတွင်း စီမီကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လူထုတွေ့ဆုံပွဲကို ဇူလိုင် ၁၁ ရက်က ကျောက်တန်းမြို့နယ် ရတနာခန်းမတွင် ကျင်းပသွားခဲ့သည်။

ယခုကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ၂၀၁၃ ခုနှစ် သြဂုတ် ၁၁ ရက်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် MoU ရေးထိုးခဲ့ကြောင်းလည်း သိရသည်။

ဒေသခံများမှာမူ ယင်းစီမံကိန်းကို ယခုမှသာ သိရပြီး ယခင်က လုံးဝမသိရှိခဲ့ကြောင်းကိုလည်း ဒေသခံများက ပြောကြားသည်။

တည်ဆောက်ရန် လျာထားထားသည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပါက ယခုထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏထက် ၁၁ ဆခန့် ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၈ ဒသမ ၉၉၅ သန်းတန် ထွက်နေကြောင်း၊ ကျောက်မီးသွေးစက်ရုံအားလုံး ပြီးစီးသွားပါက တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၉၆ ဒသမ ၆၄ သန်းတန် ထွက်ရှိလာနိုင်ကြောင်း၊ လက်ရှိထုတ်လုပ်မှု၏ ၁၁ ဆခန့် ရှိလာနိုင်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က မြန်မာအစိမ်းရောင် ကွန်ရက်၏ လေးကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ လေလွင့်ပြာချော်များ ထုတ်လွှတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်း၊ ရေအမြောက်အမြား သုံးစွဲရခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များခြင်း၊ စွန့်ပစ်ရေအပူကြောင့် ရေသယံဇာတများပျက်စီးခြင်း၊ အလိုအလျောက် မီးလောင်မှုများ ဖြစ်ပွားခြင်း၊ ကာဗွန်မိုနော့ဆိုဒ် တန်ချိန်  ၇၂၀ ထွက်ရှိပါက ခေါင်းကိုက်ဝေဒနာနှင့်အတူ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်း၊ အာဆင်းနစ်၊ ခဲ၊ ကဒ်မီယံပြဒါးတို့သည် နှလုံး၊ ဆီးလမ်းကြောင်း၊ အာရုံကြောရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ ကျောက်ကပ်၊ အဆုတ်ကင်ဆာ၊ သွေးတိုး၊ အမြင်နှင့်အာရုံကြော ပျက်စီးမှုများကို ပျက်စီးစေနိုင်ကြောင်းလည်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ မြန်မာနိုင်ငံတွင်လက်ရှိတွင် အဆိုပြုလွှာ တင်ထားသော ကျောက်မီးသွေးစက်ရုံ စီမံကိန်း ၁၁ ခု ရှိသော်လည်း မည်သည့်ကျောက်မီးသွေး စက်ရုံကိုမျှ လုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။
Credit to>>> Eleven Media

0 comments:

Post a Comment