9.7.15

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

၉-၇-၂၀၁၅

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် ပြောကြားနေကျဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။



ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ နိုင်ငံရေး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အစိုးရအဖွဲ့ တာဝန်ယူချိန်ကစပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် တစ်လျှောက်မှာလည်း အပြန်အလှန်လေးစားမှု၊ တန်းတူရည်တူရှိမှုနဲ့ ငြိမ်းချမ်းရေးရရှိရေးဆိုတဲ့ တူညီတဲ့ ရည်မှန်းချက် များကို ကြိုးစား တည်ဆောက်ခဲ့ကြတာပါ။


ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ယခင်က မရခဲ့ဘူးသေးတဲ့ အောင်မြင်မှု နှစ်ခု ကိုလည်း ရရှိခဲ့ပါတယ်။ ဒါတွေကတော့ လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေး ပြဿနာများဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာဆွေးနွေးဖို့နဲ့ တိုင်းရင်းသားများရဲ့ တန်းတူရည်တူရှိမှုအတွက် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို ဝိုင်းဝန်း တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး အခြေခံမူ နှစ်ခုပဲ ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များဟာ အကြိမ်ပေါင်းများစွာ၊ အကျေအလည် ဆွေးနွေးပြီး ဒီသဘောတူညီချက်များကို ရရှိခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် အခုနောက်ဆုံးရရှိထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(မူကြမ်း)ဟာ အထက်ပါ ရရှိပြီးဖြစ်တဲ့ အောင်မြင်မှုတို့ကို ခိုင်မြဲအောင် အထောက်အကူပြုမှုဖြစ်ပါတယ်။


အစိုးရအနေနဲ့လည်း ဒီအဆင့်ထိ တက်လှမ်းလာနိုင်အောင် ကြိုးပမ်းပေးခဲ့ကြတဲ့ ခေါင်းဆောင် အသီးသီး ရဲ့ နိုင်ငံရေးစေတ နာကို လေးစားတဲ့အတွက် ဒီ NCA စာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အခုအချိန်ထိ အခြေအနေကောင်းများ ရှိနေသေးတယ် လို့ လည်း အလေးအနက်ယုံကြည်ထားပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ဖွဲ့စည်းပုံတစ်ရပ်ဟာ ခေတ်ကာလနဲ့ အညီ၊ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင် ရေးသားသွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေ ခံပေါ်ပေါက်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ တစ်ဆင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်တွေ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ စတင် ကြိုးပမ်းခြင်းသည်သာပင်လျှင် ကျွန်တော် တို့နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေးအရွေ့တစ်ခုလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။


ငြင်းခုံမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာသော်လည်းပဲ ဒီမိုကရေစီစနစ်ရဲ့ ဖြစ်စဉ်တစ်ခုသာ ဖြစ်တဲ့အတွက် နိုင်ငံရေး တည်ငြိမ်မှုကို တစ်စုံတစ်ရာ ထိခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ နိုင်ငံရေး ပါတီများ အနေနဲ့ ကလည်း ရွေးကောက်ပွဲနည်းလမ်းကသာလျှင် အဖြေမှန်ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ဖော်ထုတ်ပြောကြား ခဲ့ပြီးဖြစ်ပါတယ်။ အခုလို လက်တွေ့ကျတဲ့ နိုင်ငံရေး ရွေးချယ်မှုတွေနဲ့အတူ ပြည်သူတွေကို လမ်းပြပေး တဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အမြော်အမြင်ကြီးမားမှုတွေက နိုင်ငံရေး တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အရပ်သားအစိုးရ တာဝန်ကို ယူရတဲ့အချိန်မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှာ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ အဖြစ် ကျင်းပနိုင်စေဖို့ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုအပ်ပါတယ်။


(၆) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား၊ မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေး ကို နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံများအကြား အဓိကကျတဲ့ စီးပွားရေး ကဏ္ဍတွေနဲ့ လူမှုဖူလုံရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လ အကုန်မှာလည်း ကျွန်တော်တို့လို အာရှတိုက်ရဲ့ မိသားစုဝင်ဖြစ်တဲ့ မွန်ဂိုလီးယားနိုင်ငံ ကို သွားရောက် လည်ပတ်ပြီး နှစ်နိုင်ငံ အကြား ပုံမှန်ရှိရင်းစွဲ သံတမန်ဆက်ဆံရေး ပိုမို ကောင်းမွန်စေရေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိတဲ့ ကိစ္စရပ် များကို ဆွေးနွေးခဲ့ပါတယ်။


ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေ ဆက်လက် အသက်ဝင်ရှင်သန်နေစေရေးနဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ် အောင်မြင်မှုရရှိဖို့အတွက် ရရှိခဲ့တဲ့ အတွေ့အကြုံ များ၊ သင်ခန်းစာများကို အခြေခံပြီး မြန်မာနိုင်ငံအနေနဲ့ အဘက်ဘက်မှာ ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ အခိုင်အမာ ယုံကြည် ထားပါတယ်။ တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ မျှော်မှန်းပြီး အခြေခံကောင်းတွေ တည်ဆောက်သွားဖို့ ကျွန်တော့် အနေနဲ့ သန္နိဋ္ဌာန်ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။


မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
Credit to>>>>The Irrawaddy

0 comments:

Post a Comment