9.7.15

ရွေးကောက်ပွဲ ထပ်ဝင်မည့် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ စည်းရုံးရေး လုပ်နိုင်ကြောင်း ကော်မရှင် ကြေညာ

 ရန်ကုန်၊ ဇူလိုင် ၈

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင်မည့် လက်ရှိ အစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးရေးလုပ်ငန်းများ စတင်ရန် ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။


အဆိုပါ ကြေညာချက် ထုတ်ပြန်သော ဇူလိုင်လ ၈ ရက်မှ စတင်ကာ အစိုးရအဖွဲ့ဝင်များသည် ပါတီစည်းရုံးရေး လုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေများအရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်အရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် ပါတီစည်းရုံးရေး လုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း အထွေထွေရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေများအရ ပါတီစည်းရုံးရေး လုပ်ငန်းများ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော်လည်း ဇူလိုင်လ ပထမပတ်အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥပဒေတို့ အပါအဝင် အစိုးရအဖွဲ့နှင့် သက်ဆိုင်သော ဥပဒေခုနစ်ခုကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည်။

ယင်းအစိုးရအဖွဲ့ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေတစ်ခုချင်းစီတွင် အစိုးရအဖွဲ့ဝင်များသည် “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း” ဆိုသည့် စကားရပ်အစား “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း” ဟု ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
Credit to>>>The Voice Weekly

0 comments:

Post a Comment