25.8.15

တရုတ်စီးပွားရေး နှေးကွေးမှုကို စိုးရိမ်နေကြချိန်တွင် အာရှ၌ စတော့ဈေးနှုန်းများ ကျဆင်း၊ ရေနံဈေးနှုန်း ဆက်လက်ကျဆင်းပြီး ဒေါ်လာ ၄၀ အောက်သို့ ရောက်ရှိ


တရုတ်စီးပွားရေး နှေးကွေးမှုက ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ရိုက်ခတ်လာနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ရှန်ဟိုင်းစတော့ဈေးကွက်၌ ရှစ်နှစ်အတွင်း အဆိုးဆုံး ရှယ်ယာဈေးနှုန်းများ ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး အာရှစတော့ဈေးကွက်သည် သြဂုတ် ၂၄ ရက်က သိသိသာသာ ကျဆင်းခဲ့သည်။
တရုတ်နှင့် ဆက်နွှယ်နေသော ရှယ်ယာဈေးများ ကျဆင်းမှုက ဥရောပနှင့် အမေရိကန်ဈေးကွက်ကို ရိုက်ခတ်ခဲ့သည်။ ရှန်ဟိုင်းစတော့ဈေးကွက်သည် ၈ ဒသမ ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၀၇ ဖေဖော်ဝါရီ ၂၇ နောက်ပိုင်း တစ်ရက်တည်း အဆိုးဆုံး ကျဆင်းမှု ဖြစ်ပွားခဲ့သည်။

ဟောင်ကောင်စတော့အညွှန်းကိန်းသည် ၅ ဒသမ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၄ ခုနှစ် မေလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ တိုကျိုတွင်လည်း စတော့အညွှန်းကိန်း ၄ ဒသမ ၆၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ခြောက်လအတွင်း အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။

ကမ္ဘာ့ရေနံရောင်းလိုအား ပိုလျှံနေမှုနှင့် တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းတို့ကို စိုးရိမ်နေချိန်တွင် အမေရိကန် ရေနံဈေးနှုန်း အညွှန်းကိန်း WTI သည် သြဂုတ် ၂၄ ရက်က တစ်စည် ဒေါ်လာ ၄၀ အောက်သို့ ရောက်ရှိခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

အောက်တိုဘာအတွက် ကြိုပေးဈေးကွက်တွင် WTI သည် ၁ ဒသမ ၀၄ ဒေါ်လာ ကျဆင်းခဲ့ပြီး ဒေါ်လာ ၃၉ ဒသမ ၄၁ သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် လန်ဒန်ဘဲရင့် ရေနံဈေးနှုန်း အညွန်းကိန်းသည် သြဂုတ် ၂၄ ရက် ကုန်သွယ်မှုတွင် တစ်ဒေါ်လာနီးပါး ကျဆင်းခဲ့ပြီး တစ်စည် ၄၄ ဒသမ ၅၅ ဒေါ်လာအထိ ကျဆင်းခဲ့သည်။ WTI သည် သြဂုတ် ၂၁ ရက်က ဒေါ်လာ ၄၀ အောက်သို့ ခေတ္တရောက်ရှိခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်နောက်ပိုင်း ဒေါ်လာ ၄၀ အောက်သို့ ပထမဆုံး ကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်က သြဂုတ် ၁၁ ရက်တွင် ယွမ်ငွေကို အမှတ်မထင် တန်ဖိုးလျှော့ချခဲ့ပြီးနောက် တရုတ်စီးပွားရေးသည် မျှော်မှန်းထားသည်ထက် နှေးကွေးမည်ဟု စိုးရိမ်မှုများကြောင့် ကမ္ဘာ့စတော့တန်ဖိုးသည် ဒေါ်လာ ၅ ထရီလျံကျော် ဆုံးရှုံးခဲ့သည်။ တရုတ်၏ အံ့အားသင့်ဖွယ် ဆောင်ရွက်ချက်က ကုန်စည်ဈေးနှုန်းနှင့် အာရှ-ပစိဖိတ် ငွေကြေးများ၏ တန်ဖိုးကျဆင်းစေခဲ့ပြီး ဒေသတွင်း ရှယ်ယာများကိုလည်း ကျဆင်းစေခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment