25.8.15

နိုင်ငံရေး ရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း NLD နှင့် ၈၈ ပူးတွဲကြေညာ

လာမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား နိုင်ငံရေးရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပူးတွဲ ထုတ်ပြန်ကြေညာသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ပူးတွဲကြေညာသော ထုတ်ပြန်ချက်အတွင်း လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ အပါအဝင် တူညီသော နိုင်ငံရေး ရပ်တည်ချက်များကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်းသည် NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း ဝေဖန်မှုများကို တုံ့ပြန်ဖြေရှင်းခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ဆိုသည်။

“အဲဒီလို ယူဆရင်လည်း ရနိုင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ လာမယ့် မဲစာရင်း ထုတ်ပြန်မယ့် နေရာမှာ မဲစာရင်း မှန်ကန်ရေးအတွက် ပြည်သူတွေ ရွေးကောက်ပွဲ အသိနိုးကြားရေး ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းမှာ NLD ပါတီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အကြား အများထင်မြင် ယူဆထားသကဲ့သို သဘောထားမတူညီခြင်း မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်ပြီး လာမည့်ရွေးကောက်ပွဲအတွက် သဘောထား တူညီမှု ရှိကြောင်းကို ဖော်ပြခြင်းဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပူးတွဲကြေညာချက်အတွင်း ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများ ကင်းစင်ရေးအတွက် စောင့်ကြည့်လေ့လာ ဖော်ထုတ်ရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ယှဉ်ပြိုင်ရန် ဦးကိုကိုကြီး အပါအဝင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား အချို့က ကိုယ်စားလှယ်လောင်း လျှောက်လွှာများ တင်သွင်းခဲ့သော်လည်း NLD ပါတီမှ ထုတ်ပြန်သော ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ပေ။

ယင်းသို့ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများကို ရွေးချယ်ခြင်းမရှိသည့် နောက်ပိုင်းတွင် NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုကြသည်။

ယင်းကိစ္စရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အပါအဝင် ဒီမိုကရက်တစ် အတိုက်အခံပါတီများ အောင်နိုင်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများက ဝန်းရံသွားမည် ဖြစ်သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပါတီတစ်ရပ်ကို ထူထောင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးကိုကိုကြီးက ပြောဆိုထားသည်။

Credit To >>> The Voice News

0 comments:

Post a Comment