17.8.15

တပ်မတော်ဘက်မှလည်း အချုပ်အခြာအာဏာကို ထိပါးလာသည့်ကိစ္စများမှအပ စစ်ဆင်ရေးကြီးများ ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သမ္မတ၏ ဖိတ်ခေါ်စာတွင် ဖော်ပြထား


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ တပ်မတော်ဘက်မှလည်း အချုပ်အခြာ အာဏာကို ထိပါးလာသည့် ကိစ္စများမှ အပ စစ်ဆင်ရေးကြီးများပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးကြရန် ဖိတ်ခေါ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားများအားလုံး ပြန်လည်စည်းလုံး သင့်မြတ်ရေးကို ရည်သန်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် တစ်နိုင်ငံလုံးသို့ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က တရားဝင်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် တစ်ဖွဲ့ချင်းအပစ်ရပ်စဲရေး ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီ မှုများရရှိခဲ့ကြောင်း ၂၀၁၅ ခုနှစ် သြဂုတ် ၁၁ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးထားသည့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဖိတ်ခေါ်ခြင်း” စာတွင် ဖော်ပြထားသည်။
နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့် ပါဝင်ထိုက်သူ အင်အားစု အားလုံးကို ပါဝင်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် အားလုံးပါဝင်ရေးမူကို လက်တွေ့ကျကျ အဆင့်လိုက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း သမ္မတ၏ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။
အစိုးရအနေနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်ရှိသဘောတူညီမှု ရရှိထားသော စာချုပ်ကြီးကို ထပ်မံပြင်ဆင် ဖြည့်စွက်ရန်မရှိဘဲ လက်မှတ်ရေးထိုးရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်သည့် နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသား လူမျိုးစုများ အားလုံးပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေးတို့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ညှိနှိုင်းပြီး စီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ဟု နိုင်ငံတော်သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ခေါ်ခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များသည် နှစ်နှစ်နီးပါးကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ သြဂုတ်လတွင် စာချုပ်ကို အပြီးသတ်နိုင်ခဲ့သည်။
သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်က စာချုပ်လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးကိစ္စကို လိုလားလျက်ရှိပြီး အစိုးရဘက်မှ ၎င်းတို့နှင့် နှစ်ဖက် ဆွေးနွေးသဘောတူညီမှုများ ပြုလုပ်ထားသည့် အဖွဲ့အစည်း ၁၅ ဖွဲ့သာ ပါဝင်ရန်၊ ကျန်အဖွဲ့များကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရန် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်သမ္မတ၏ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဖိတ်ခေါ်ခြင်း” စာကိုလည်း အစိုးရအသိအမှတ်ပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကိုသာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ရေးနှင့် ပတ်သက်ပြီး သြဂုတ်လကုန်ပိုင်းတွင် သမ္မတအပါအ၀င် အစိုးရ အဆင့်မြင့်ဆုံး ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံညှိ နှိုင်းနိုင်ရေး စီစဉ်လျက်ရှိသည်။
အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ၏ ရှင်းပြပြောဆိုမှုများအရ သိရသည်။
 
Credit To >>> Eleven Media Group

0 comments:

Post a Comment