17.8.15

ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သိရ


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်မှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဦးဆောင်နေသည့် ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သတင်းရရှိသည်။

ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးမှ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းက ၎င်း၏  Facebook စာမျက်နှာမှတစ်ဆင့် သြဂုတ် ၁၅ ရက်တွင် အသိပေးကြေညာထားသည်ကို တွေ့ရသည်။

အဆိုပါ ရေးသားမှုတွင် ပြန်ကြားခြင်းဟု ခေါင်းစဉ်တပ်ထားပြီး ဦးတိုးနိုင်မန်းက ချယ်ရီ FM ရေဒီယိုစတေရှင်အား ဦးဆောင်သူမှာ ၎င်း၏ ဇနီးဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

“ကျွန်တော့် အမျိုးသမီး ဦးဆောင်သော ချယ်ရီ FM ရေဒီယိုစတေရှင်အား ယနေ့မှစပြီး မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန်ညွှန်ကြားလာ။ ကျွန်တော်တို့ စာတင်သွားမည် မဟုတ်ပါ။ ဥပဒေကြောင်းအရ အရေးယူမည်ဆိုလျှင် ဥပဒေကြောင်း အရသာလျှင် ဆောင်ရွက်နိုင်ပါမည်။ ရှမ်းပြည်နယ်က စတင်ရာ ချယ်ရီပန်းရဲ့ ရနံ့အလှကို တင်စားတဲ့ ပန်းခြောက်နှစ်မြှောက် မွေးနေ့ မှာပဲ မင်္ဂလာမရှိတဲ့ စာရေးခဲ့ရတဲ့အတွက် ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို တောင်းပန်ပါတယ်။
ပရိသတ်များကိုလဲ တောင်းပန်ပါတယ်။ ကြော်ငြာရှင်တွေကိုလဲ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဥပဒေအရ စစ်ဆေးဆောင်ရွက်ခြင်းကိုသာ လိုလားပါ၍ ခေတ္တရပ်ဆိုင်းစာ တင်သွင်းခြင်းများ လုပ်ဆောင်သွားမည် မဟုတ်ပါကြောင်း တင်ပြပါသည်။
ချယ်ရီသူ ချယ်ရီသားများ စိတ်လက်ကြည်သာကြပါစေ” ဟူ၍ ဦးတိုးနိုင်မန်း၏ Facebook စာမျက်နှာဖြစ်သော မန်းငမန်းတွင် သြဂုတ် ၁၅ ရက်က ရေးသားဖော်ပြထားသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုနှင့် ပတ်သက်၍ ချယ်ရီ FM ရေဒီယိုမှ တာဝန်ရှိသူများအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ  “ချယ်ရီ  FM အနေနဲ့ ထုတ်လွှင့်မှုတွေကို ရပ်နားလိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ပုံမှန်အတိုင်း ဆက်လက် ထုတ်လွှင့်မှုတွေ လုပ်ဆောင်နေတယ်။  ကျွန်တော်တို့ဘက်က ထုတ်လွှင့်မှုကို Satellite ကနေ ထပ်ပြီးလွှင့်တင်မှု မလုပ်ပေးတော့တဲ့အတွက် ကျွန်တော်တို့ ထုတ်လွှင့်လို့ မရဖြစ်နေတာပါ” ဟု  ချယ်ရီ FM ၏ General Manager ကိုသန်းထွေးဇော်က ဆိုသည်။

ထိုသို့ သူရဦးရွှေမန်း၏ ချွေးမ ဦးဆောင်aနသည့် ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ဖြစ်ပေါ်လာမှုသည် သူရဦးရွှေမန်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်မှဖယ်ရှားခံရပြီး ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ချမှတ်ထားတဲ့ Ethics တွေရှိတယ်။  နောက်တစ်ခါ စာချုပ်အရလည်း MRTV နဲ့ရော၊  သက်ဆိုင်ရာ FM တွေနဲ့ ရော၊ TV Broadcaster တွေကြားထဲမှာရော ဆုံးဖြတ်ထားတာ ရှိတယ်။ ဒါတွေကို လိုက်နာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကို မလိုက်နာဘူး၊ တစ်ခုခုများ ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ရင် သက်ဆိုင်ရာ FM တင်မဟုတ်ပါဘူး။ MRTV ကပါ ဒုက္ခရောက်မယ်လေ။ အဲဒါကြောင့် ဒီနေ့ မနက်မှာ ချယ်ရီ FM ကို နေပြည်တော်မှာ ခေါ်ယူဆွေးနွေးပါတယ်။ ခေါ်ယူဆွေးနွေးတော့ ကိုသန်းထွေးဇော် လာပါတယ်။ အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုကျွန်တော်တို့ ခေါ်ထားတာပါ။ ပြီးတော့ အပြန်အလှန် ဆွေးနွေးပါတယ်။ အဓိကကတော့ သူတို့နဲ့ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ ဒီစာချုပ်တွေကို ရပ်ဆိုင်းနိုင်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ဥပမာ စာချုပ်ကို အစိုးရဘက်က မလုပ်ပေးနိုင်တဲ့ အခြေအနေရှိခဲ့ရင် ရပ်စဲနိုင်တယ်ဆိုတာ တရားဝင်ပါပါတယ်။ ဒါကျွန်တော်တို့ ၂၀၁၀ ကတည်းက လုပ်ခဲ့တဲ့စာချုပ်ပါ။ အခုချိန်မှာလည်း စာချုပ်မှာ ဒီအချက်က ပြန်ပါတာပါပဲ။ သို့သော်လည်း အပြန်အလှန် ဆွေးနွေးပြီးတော့ လိုက်နာနိုင်မယ်ဆိုရင် ဆွေးနွေးဖို့ရှိပါတယ်လို့ ပြောတဲ့အခါမှာ  နောက်ဆုံးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းချက်အရ သူတို့အနေနဲ့ နောက်ဆုံးမှာ နည်းပညာအရပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဒီကြားထဲမှာ ခဏနားထားမယ်ပေါ့။ အဲဒီလို ကျွန်တော်တို့ ညှိနှိုင်းလို့ ရရှိပါတယ်။
ဒါ နောက်ဆုံးအခြေအနေပါပဲ။ အဲဒါကြောင့် သူတို့ပြန်ကြားရေးကို မြန်မာ့အသံကို စာပြန်တင်မယ်ပေါ့။ ဒါကတော့ သဘောတူထားတဲ့ နောက်ဆုံးအခြေအနေပေါ့။ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ စာချုပ်ကို ရပ်စဲနိုင်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ရပ်စဲနိုင်တဲ့ အကြောင်းရင်းအရ မှတ်မိသမျှကတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့က ဘယ်လိုအခြေအနေမှာမဆို ရပ်စဲနိုင်တဲ့အကြောင်းအချက်တွေ ပါပါတယ်။ ဒီအတွက်ကို ဘာမှမလိုပါဘူး။ ကျွန်တော်တို့ လက်မှတ်လဲ ထိုးထားပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ညွှန်ကြားချက်အမိန့်ကို ချိုးဖောက်တယ် မလိုက်နာဘူးဆိုရင်လည်း ဒီစာချုပ်ကို ရပ်စဲနိုင်ပါတယ်။ နောက်ထပ် ရည်ရွယ်ချက်ရှိပါတယ်။ ရည်ရွယ်ချက်မှာလည်း ဘာပါလဲဆိုရင် ကျွန်တော်တို့ လုပ်ဆောင်ရတဲ့ အကြောင်းရင်း နှစ်ရပ်ရှိပါတယ်။  အဲဒီရည်ရွယ်ချက်တွေ အကောင်အထည်မဖော်နိုင်ဘူးလို့ ယူဆရင် ကျွန်တော်တို့ရပ်စဲနိုင်ပါတယ်။ ဒါစာချုပ်ရဲ့ သဘောပါ။ ဒီအတိုင်းဆိုရင် အားလုံးနစ်နာနိုင်ပါတယ်။ ဘယ်လောက်နစ်နာနိုင်မလဲဆိုရင်  စက်တွေဘာတွေ အားလုံးကိုပါ နိုင်ငံတော်က သိမ်းနိုင်ပါတယ်။စာချုပ်မှာပါတာအရ အားလုံးသိမ်းယူနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို စိုးရိမ်ပါတယ်။ စိုးရိမ်တာက နှစ်ချက်ပေါ့။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ Ethic တွေအရ ရော၊ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် MRTV အနေနဲ့  တာဝန်ရှိတယ်။ နောက်တစ်ချက်က စာချုပ်အရ အဲဒီလိုဖြစ်လာလို့လုပ်ရင် ပြဿနာပိုကြီးထွားပြီး နစ်နာဆုံးရှုံးမှု ပိုများမယ်။ အဲဒီတော့ အကောင်းဆုံး အနေအထားတစ်ခုဖြစ်အောင် ဆွေးနွေးတာပါခင်ဗျ။ အဲဒီလို ဆွေးနွေးပြီးတော့ ခုနက အခြေအနေဟာ နှစ်ဖက်ကြားမှာ အကောင်းဆုံးပါ” ဟု ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေကThe Daily Eleven ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့နောက် The Daily Eleven က “အခု ပြဿနာက ၀န်ကြီးဌာနနဲ့ ချယ်ရီ FM ဆိုတဲ့ ရေဒီယိုစတေရှင် တစ်ခုကြားမှာ ပေါ်ပေါက်တဲ့ ပြဿနာလား။ ဒါမှမဟုတ် ချယ်ရီ FM ကို ပိုင်ဆိုင်မှုမှာ ပါဝင်ပတ်သက်နေသူတွေက မကြာခင်ကမှ ဥက္ကဋ္ဌရာထူးက ဖယ်ရှားခံထားရတဲ့ သူရဦးရွှေမန်းရဲ့သားနဲ့  ပတ်သက်နေတဲ့အတွက် ဒီကိစ္စ ပေါ်ပေါက်လာတာလားဆိုတဲ့ ဝေဖန်မှုတွေ အပေါ်မှာ ဘယ်လိုများဖြေပေးနိုင်မလဲ”ဟု ပြန်ကြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးတင့်ဆွေ အား ဆက်လက်မေးမြန်းရာ ၎င်းက
“အဲဒါကတော့ နှစ်ခုလုံး ပါဝင်နိုင်ပါတယ်ဗျ။ တစ်ခုကတော့ အစိုးရက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့  ပေါ်ပေါက်လာတဲ့  Broadcasting Media တစ်ခုအနေနဲ့ ပတ်သက်တာ ပါပါတယ်။ နောက်တစ်ခုကတော့ လက်ရှိအနေနဲ့ Political Situation တစ်ခုအနေနဲ့ ဒီလိုမျိုး အနေအထားမျိုးကိုလည်း စိုးရိမ်တာ ပါပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုသို့ အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကို လည်း ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ။ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ ပူးတွဲတာဝန်။ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်၊ ဒုတိယဥက္ကဋ္ဌ။ ဗဟိုအကြံပေးများအဖြစ်  ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာ မြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း၊ အထွေထွေအတွင်းရေးမှူး။ ဦးသက်နိုင်ဝင်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့ဖြစ်သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment