23.9.15

ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်ကို နားလည်သူကိုသာ မဲပေးရန် တပ်မတော်သားများကို ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ညွှန်ကြား


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများ မဲပေးရာတွင် ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကိုသာ အခြေခံစဉ်းစား မဲထည့်ကြရန် ညွှန်ကြားလိုက်သည်။


စက်တင်ဘာ ၂၂ ရက် ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိစဉ် တပ်မတော်အရာရှိများ တပ်မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တပ်မတော်သားများ အနေဖြင့် ဆန္ဒမဲပေးရာတွင် တိုင်းပြည်အပေါ် ကောင်းအောင် လုပ်နိုင်မည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်သူ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး အမြင် လေးမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှု ရှိသူများကို အခြေခံစဉ်းစားရမည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

တပ်မတော်သားများသည် ပြည်သူလူထုအပေါ် ရေလို၊ လလို ဆက်ဆံရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထပ်ဆင့်ညွှန်ကြား ခဲ့သည့်အပြင် တပ်မတော်အပေါ် သစ္စာရှိကြရန် မှာကြားခဲ့သေးသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိမဖြစ် လိုအပ်နေသည်ဟု သူက ဆိုကာ အားနည်းသည့် တိုင်းရင်းသားများဟု ညွှန်းဆိုလျက် တိုင်းရင်းသားများအပေါ် ဂရုဏာသက်စွာ ဆက်ဆံရန် လိုသည်ဟုလည်း သူကဆိုသည်။

ကာကွယ်ရေး အမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်ပေးနိုင်သူကို မဲပေးရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည့် လွိုင်ကော်မြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီစုစုပေါင်း ကိုး ပါတီဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ညို၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးထွန်းအေးဟန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးအောင်သိန်း၊ အမျိုးသား တိုးတက်ရေးပါတီမှ ဦးတင်ကိုကို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ခင်စည်သူ၊ ကယား လူမျိုးစု ဒီမိုကရေစီပါတီမှ ဦးစတီဗင်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ဦးစောပိုလေး၊ ကယန်း အမျိုးသားပါတီမှ ဦးအာဖေရးဒိုနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအိုက်ဝင်းတို့ ဖြစ်သည်။

Credit To >>> Mizzima News

0 comments:

Post a Comment