23.9.15

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တမလန်း သစ်များကို တရုတ်နိုင်ငံက ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ဖိုးခန့် တရားမ၀င် ထုတ်ယူခဲ့ပြီး အရေးတကြီး မကာကွယ်နိုင်ပါက မြန်မာပြည်၌ တမလန်းသစ်များ ၁၀ နှစ်အတွင်း ပျောက်ကွယ် နိုင်ကြောင်း EIA သတိပေး


မြန်မာနိုင်ငံမှ တမလန်းသစ်များကို တရုတ်နိုင်ငံက တရားမ၀င် တင်သွင်းမှု နှစ်စဉ် မြင့်တက်နေပြီး ၂၀၁၄ ခုနှစ် အတွင်း မြန်မာ့တမလန်းမှ တရုတ်နိုင်ငံအတွက် ၄ ဒသမ ၆ ဘီလျံဖိုးအထိ အကျိုးအမြတ် ရရှိခဲ့သဖြင့် မြန်မာ့တမလန်း သစ်များ လာမည့် ၁၀ နှစ်အတွင်း မျိုးတုန်း ပျောက်ကွယ် သွားနိုင်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA) မှ Mr.Jago Wadley က စက်တင်ဘာ ၂၂ ရက်တွင် သတိပေး ပြောကြားသည်။

ပြီးခဲ့သည့် နှစ်အတွင်း တရုတ်နိုင်ငံ အတွင်း သစ် တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလျံဖိုးခန့် ရောင်းဝယ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ပမာဏများ၏ ၁၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်နေပြီး  တမလန်းသစ်မှာ ၁၂ ရာခိုင်နှုန်းခန့် ဖြစ်သဖြင့် အဆိုပါ ပမာဏကို အချိုးချ မည်ဆိုပါက အမေရိကန်ဒေါ်လာ သုံးဘီလျံမှ ၄ ဒသမ ၆ ဘီလျံအကြား ရှိနိုင်ကြောင်း  Jagoက ဆိုသည်။
အဆိုပါ ပမာဏအတွက် မြန်မာနိုင်ငံက ပြန်လည်ရရှိသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်သာ ဖြစ်သည်ဟု Jago က ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်အလုံးလိုက် တန်ချိန်ပေါင်း ကုဗမီတာ ၁၀ သန်းအထိ တရုတ်နိုင်ငံသို့ ခိုးထုတ်ခဲ့သည်။ အဆိုပါ ပမာဏအတွက် တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ခန့်သာ ရှိသည်။ သို့သော် တမလန်း သစ်များသည် တရုတ်နိုင်ငံ အတွင်း လူကြိုက်များ၍ ကမ္ဘာ့နိုင်ငံ အများစုမှ မျိုးတုန်းလု သစ်မျိုး ဖြစ်သောကြောင့် ထိန်းသိမ်း ထားသည့်အတွက် သစ်အချောထည် အဖြစ် အသွင် ပြောင်းရာတွင် ဈေးနှုန်း ကြီးမြင့်သဖြင့် ထိုကဲ့သို့ သစ်အလုံးလိုက် ခိုးထုတ်မှုနှင့် အချောထည် အဖြစ် အသွင်ပြောင်းပြီး နောက်ပိုင်း တွက်ချက်မှုများတွင် တန်ဖိုး ကွာဟလာခြင်း ဖြစ်ကြောင်း  “ မြန်မာနှင့် တရုတ်နိုင်ငံတို့ အကြား တရားမ၀င် ကုန်လမ်းကြောင်း သစ်ကုန်သွယ်မှု” အစီရင်ခံစာအရ သိရသည်။
တမလန်း သစ်များအတွက် ဈေးကွက် ပေါက်ဈေးမှာ လုံးပတ် တစ်ပေအထက် တမလန်း တစ်တန်လျှင် ယွမ်ငွေ ၃၀၀၀၀၊ လုံးပတ် တစ်ပေ အောက်ဆိုပါက ပျမ်းမျှ တစ်တန်လျှင် ယွမ် ၁၅၀၀၀ ခန့်ရှိနေသည်။
အဆိုပါ သစ်လုံး ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီးပါက တမလန်း ပရိဘောဂ သုံးခုပါ အိပ်ရာ တစ်စုံသည် ယွမ်ငွေ ၆၈၀၀၀ အထိ တန်ဖိုး မြင့်တက်လာသည်။ ထို့ပြင် ရွှေပိတောက်သား စာရေးစားပွဲသည် ယွမ်ငွေ ၂၆၅၀၀ အထိ တန်ဖိုး ကြီးမြင့်ကြောင်း အစီရင်ခံစာအရ သိရသည်။
ကမ္ဘာနိုင်ငံ အများစုတွင် မျိုးတုန်း ပျောက်ကွယ်လု စာရင်းဝင်သစ် အဖြစ် ထိန်းသိမ်း ထားရသည့် တမလန်း သစ်များကို မြန်မာနိုင်ငံတွင် ထိန်းသိမ်းထားမှု မရှိသည့်အပြင် သစ်ခိုးခုတ်မှု များကိုလည်း တားဆီးနိုင်သည့် အခြေအနေ မရှိသဖြင့် နှစ်စဉ် တရားမ၀င် ကုန်သွယ်မှု မြင့်တက်လာရခြင်း ဖြစ်ကြောင်း Jago ကဆိုသည်။
မြန်မာနိုင်ငံမှ တမလန်းသစ်များကို တရုတ်နိုင်ငံက တရားမ၀င် သယ်ယူရာတွင် ၂၀၁၃ ခုနှစ်အတွင်းမှ စတင်၍ ယခင်ထက် သုံးဆခန့် တရုတ်နိုင်ငံ အတွင်း ပိုမိုတင်သွင်း လာခဲ့သည်။ မြန်မာနိုင်ငံရှိ တမလန်း သစ်အမျိုး အစားများအနက် တမလန်းနှင့် ရွှေပိတောက် တမလန်း သစ်အမျိုးအစားများကို တရုတ်နိုင်ငံသို့ အဓိက ခိုးထုတ်နေသည်။
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ တမလန်းသစ်များကို တင်သွင်းရာတွင် ၂၀၀၄ ခုနှစ် တစ်ခုတည်း၌ပင် တန်ချိန်ပေါင်း ၁၇၉၁၆ တန် တင်သွင်းခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment