23.9.15

"True IDC က မြန်မာနိုင်ငံတွင် Data Center လာရောက် တည်ဆောက်"


ထိုင်းနိုင်ငံ အခြေစိုက် True IDC ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ Data Center လာရောက် တည်ဆောက်ခဲ့ပြီး အဆိုပါ Data Center ကို ဒေသတွင်းရှိ ကုမ္ပဏီ အဖွဲ့အစည်းများ စတင်အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သည်။
True IDC ၏ Data Center အတွင်း Rack အလုံးပေါင်း ၆၀ ရှိပြီး Data Center ၏ အဆင့်သတ်မှတ်ချက်မှာ TR 3 ဖြစ်သည်ဟု သိရသည်။

“အခု Data Center ကို စတင်မိတ်ဆက်ပါပြီ။ နောက်ပိုင်းမှာ ကျွန်တော်တို့ Cloud ဘက်ကိုသွားပါမယ်”ဟု True IDC Myanmar မှ အထွေထွေမန်နေဂျာ ဦးမျိုးထွန်းက ပြောသည်။
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်း တည်ဆောက်ထားရှိသော အဆိုပါ Data Center ကို True IDC က ISO အဆင့်သတ်မှတ်ချက်နှင့်အညီ လုံခြုံစိတ်ချရမှု ရှိစေရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Data Center အတွက် အာမခံစနစ်ကိုလည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ရယူထားကြောင်း ဦးမျိုးထွန်းက ဆိုသည်။
Data Center သည် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ၊ တယ်လီကွန်းလုပ်ငန်းများနှင့် အဖွဲ့အစည်း အများအပြားတို့ကို ဦးတည်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ နှစ် အတွင်း ကျပ်ငွေ ၁.၈ ဘီလီယံ ဝင်ငွေရရှိမည်ဟု မျှော်မှန်းထားသည်။
“ကျွန်တော်တို့မှာ လက်ရှိ အသုံးပြုနေတဲ့ Client တွေ ရှိပါတယ်။ ထပ်ပြီးတော့ ရောက်လာမယ့် Client တွေကိုလည်း ချိတ်ထားပါတယ်။ နာမည်တွေကိုတော့ Data Center တစ်ခုအနေနဲ့ ထုတ်ပြန်ပြောလို့ မဖြစ်နိုင်ပါဘူး” ဟု ဦးမျိုးထွန်းက ပြောသည်။
True IDC သည် ထိုင်းနိုင်ငံ၌ အခြေစိုက်၍ Data Center လုပ်ငန်းနှင့် Cloud Computing လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ လာရောက် တည်ဆောက်သော Data Center သည် ၎င်းတို့၏ ၅ ခုမြောက် Data Center ဖြစ်သည်ဟု သိရသည်။

Credit To >>> Internet Journal

0 comments:

Post a Comment