3.9.15

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အစိုးရပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် လွိုင်ကော်မှတစ်ဆင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်သို့ သွားရောက်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် MPC မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် လွိုင်ကော်သို့ အစိုးရပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီးနောက် ရှားတောသို့ သွားရောက်ကာ ညနေ ၄ နာရီခန့်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။


ထိုသို့ တွေ့ဆုံရာတွင် ဒေသတွင်း ဖွံ့ဖြိုးရေး ကိစ္စရပ်များကိုသာ ဆွေးနွေးကြပြီး ဒေသခံများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် KNPP ဘက်မှ တင်ပြဆွေးနွေးကြာင်း KNPP မှ ခူးထဲဘူး၏ ပြောကြားချက်အရ သိရသည်။

“အရင်ကတည်းကလည်း ပညာရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ရှိပါတယ်။ ရှားတောမှာ ဘော်ဒါဆောင် ဆောက်ဖို့အတွက် တရားဝင်မြေကွက်ရဖို့ တောင်းဆိုထားတာကို နိုင်ငံတော်ကနေ မြေနေရာရအောင် ပြုလုပ်ပေးဖို့ပါ။ ထွေအုပ်ကတော့ ပထ၀ီ အနေအထားအရ မရနိုင်ဘူးလို့ ပြောခဲ့တာကိုလည်း ၀န်ကြီးကို ပြောပြပါတယ်။ နောက်တော့ ရှားတောမှာက သစ်တောတွေပြုန်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ထားတဲ့အတွက် ပြန်တည်ထောင်နိုင်ဖို့ စိုက်ပျိုးရေး စံပြပျိုးဥယျာဉ်ခြံ လုပ်ချင်တာကိုလည်း တင်ပြပါတယ်။ ဦးအောင်မင်းကတော့ ကြိုးစားညှိနှိုင်းပေးမယ်လို့ ဆိုပါတယ်။ သူကတော့ ဘာတွေလုပ်သင့်လဲဆိုပြီး မေးပါတယ်။ နောက် ဒီမှာ ရှားတောက BP 9 ဘက်ဖြစ်တော့ BP 9 ကို နယ်စပ်ထွက်ပေါက်ဖွင့်နိုင်ရင် ကောင်းမယ်လို့လည်း ဆိုပါတယ်။ သူတာဝန်ယူပြီး အပြည်ပြည်ဆိုင်ရာ လူမှုအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပေးမယ်လို့ ပြောတယ်။ ဒေသမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ရင်လည်း တတ်နိုင်သလောက် ကူမယ်ပေါ့။ အခုလုပ်နေတဲ့ ဘောလုံးပွဲကိုလည်း ကုန်တာလောက်သလား မလောက်တာရှိရင် ပြောပါလို့ ပြောပါတယ်။ သူနဲ့အတူ MPC က ဦးလှမောင်ရွှေ ပါလာတယ်။ ကယား ဖူးသူဌေး ဦးကြည်စိန်လည်း ပါလာတယ်။ သူကတော့ ဘာတွေလုပ်သင့်လဲဆိုပြီး မေးပါတယ်။ ဘော်ဒါဆောင် ဆောက်ဖြစ်ရင်လည်း လိုအပ်တာ ပံ့ပိုးပေးမယ်လို့ ဦးကြည်စိန်က ပြောပါတယ်” ဟု KNPP မှ ခူးထဲဘူးက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် KNPP နှင့် ထွေအုပ်ရိပ်သာတွင် တွေ့ဆုံအပြီး မြို့နယ်ဘောလုံးပွဲသို့ အတူသွားရောက်အားပေး ကြည့်ရှုခြင်း၊ ညပိုင်းတွင် ညစာစားသုံးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှားတောမြို့နယ်ရှိ ကျောင်းများသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို တွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)
ထို့နောက် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရှားတောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ မူလတန်း၊ အထက်တန်းကျောင်းများအပြင် KNPP ဆက်ဆံရေးရုံးသို့ သွားရောက်၍ အလှူ ငွေများနှင့် လက်ဆောင်များ ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

“ရှားတောထဲက ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းကို ၀င်တယ်။ ပြီးတော့ အလှူငွေ ငါးသိန်းစီပေးတယ်လို့ သိရတယ်။ အထက်တန်းကျောင်းကိုတော့ ၁၀ သိန်းပေးတယ်။ KNPP ရုံးကိုတော့ ဆေးပစ္စည်းတွေနဲ့ ထီးတွေပေးတာ တွေ့ရတယ်။ အဲဒီမတိုင်ခင်က ရွာထဲကို ချိုးငှက်နဲ့ မြန်မာမြေပုံပါတဲ့ ဦးထုပ်တွေ၊ ထီးတွေပေးတာ တွေ့ရပါတယ်” ဟု ရှားတော ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် MPC အဖွဲ့ဝင်များသည် ဒေါလဲဒူကျေးရွာရှိ ဒေသခံများနှင့် ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံခဲ့သည်။ ထို့ပြင် သရီးဒါးကျေးရွာသို့ သွားရောက်ပြီး တစ်အိမ်လျှင် ဆန် ၁၂ ပြည်ဝင် တစ်အိတ်စီ ပေးအပ်သည်ဟု သိရသည်။

“ဆန်တွေကတော့ ၀န်ကြီး မလာခင်ကတည်းက ကြိုပို့ထားတာ။ အိတ် ၃၀၀ ကျော်လောက် ရှိမယ်။ အစကတော့ KNPP က လှူ မယ်လို့ နာမည်ထွက်ပေမယ့် အခုကတော့ မဟုတ်ဘူး။ ၀န်ကြီးလှူတာ။ ၀န်ကြီးဆန်လှူ တဲ့ ရွာတွေက သူ့မဲဆန္ဒနယ်မြေက ရွာပါ။ ဆန်တွေကို ရှားတောက ချိုးငှက်နဲ့ မြန်မာနိုင်ငံ မြေပုံပါတဲ့ ပရဟိတဆေးခန်းမှာ ထည့်သိမ်းထားတာ တွေ့ရတယ်” ဟု သရီးဒါးဒေသခံ ခူးကိုးရယ်က ပြောကြားသည်။

ယခုခရီးစဉ်သည် သုံးကြိမ်မြောက် ရှားတောမြို့နယ်သို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တစ်သီးပုဂ္ဂလအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံမည့် ရှားတောမြို့နယ်၏ အပြီးသတ် မဲစာရင်းမှာ လူဦးရေ ၄၀၀၀ ပတ်ဝန်းကျင်သာရှိပြီး တောင်ပေါ်ကျေးရွာ အများစုမှာ ယခုအချိန်ထိ အခြေခံမဲစာရင်းအား ကြည့်ရှုရမည်ကို မသိရှိခြင်းနှင့် လာရောက်ကြည့်ရှုသူ မရှိခြင်းများ ရှိနေကြောင်း ဒေသခံ တိုင်းရင်းသားပါတီများထံမှ သိရသည်။
Credit to>>>Eleven Media

0 comments:

Post a Comment