11.9.15

NLD ပါတီက ဝန်ကြီး ဦးသိန်းညွှန့်ကို ကိုယ်စားလှယ်လောင်းအဖြစ် ကန့်ကွက်မှု ပယ်ချခံရ

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်ကို ၎င်းမွေးဖွားချိန်တွင် မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဟုဆိုကာ ကိုယ်စားလှယ်လောင်း လျှောက်ထားခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကန့်ကွက်သော်လည်း ကိုယ်စားလှယ်လောင်း စိစစ်ချိန် ကျော်လွန်သောကြောင့် ယင်းကန့်ကွက်မှုကို ပယ်ချကြောင်း မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။

မအူပင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ဦးသိန်းညွှန့်သည် ၎င်းမွေးဖွားချိန်တွင် မိဘနှစ်ပါးမှာ နိုင်ငံသား မဖြစ်သောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် တင်သွင်းထားခြင်းကို ကန့်ကွက်ကြောင်း သြဂုတ်လ နောက်ဆုံးပတ် အတွင်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဦးသိန်းညွန့်ကို စိစစ်တာက သြဂုတ်လ ၁၈ ရက်ကတည်းကပါ၊ အဲဒီလို စိစစ်တဲ့ အချိန်မှာလည်း ဦးစိန်ဦးရဲ့ ကိုယ်စားလှယ် တက်ရောက်ပါတယ်၊ နောက်ပြီး အဲဒီအချိန်မှာ လဝက က စိစစ်ထားတဲ့ နိုင်ငံသားဖြစ်မှု မဖြစ်မှုတွေလည်း ပါတာပဲလေ။ အဲဒီအချိန်မှာ မကန့်ကွက်ဘဲနဲ့ အားလုံးပြီးမှ အထောက်အထား မရှိတာတွေနဲ့ ကန့်ကွက်တာကတော့ ကျွန်တော်တို့ လက်ခံလို့မရပါဘူး၊ ဥပဒေအရပါပဲ” ဟု ၎င်းက ဆိုသည်။
ဦးသိန်းညွန့်၏ မိဘများမှာ တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြပြီး ဖခင်အမည်မှာ ဦးအင်ဝှက်နှင့် မိခင်အမည်မှာ ဒေါ်ကျင်ရန်ဖြစ်ပြီး ဦးသိန်းညွန့်ကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ကာ ၎င်း၏ ဖခင်မှာ ၁၉၅၂ ခုနှစ်တွင် နိုင်ငံသားမဖြစ်မီ ဆုံးပါးသွားခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အထောက်အထား ရရှိထားပြီး ယင်းအထောက်အထားဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း NLD ပါတီ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ဆိုသည်။
“အန်ကယ်တို့က အဲဒီ စိစစ်တဲ့အချိန်မှာ ကန့်ကွက်ဖို့ လုပ်ခဲ့တယ်၊ ဒါပေမဲ့ အန်ကယ်ကလည်း လွှတ်တော်တက်နေရတော့ ဖိဖိစီးစီး မလုပ်လိုက်နိုင်ဘူး၊ နောက်ပြီး လဝကကလည်း အဲဒီအချိန်တုန်းက အချက်အလက်တွေ မပေးသေးဘူးလေ၊ ဒါပေမဲ့ တိုင်တဲ့လူ မရှိလည်း သူတို့စိစစ်ကတည်းက ဒါကိုတွေ့ရမှာပါ၊ ကျန်ပါတီတွေကိုတော့ သူတို့ဘာသာ စိစစ်ပြီး ပယ်ချခဲ့တာပဲလေ။ အခုကိစ္စက ဘယ်သူမှ မသိဘူးထင်ပြီး ဖုံးဖုံးဖိဖိနဲ့ ထိုးထည့်ဖို့ ကြိုးစားတာပဲ” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ကိုယ်စားလှယ်လောင်း စိစစ်ချိန် ကျော်လွန်သောကြောင့် ကန့်ကွက်မှုကို ပယ်ချခံရသော်လည်း ရွေးကောက်ပွဲကျင်းပ အပြီးတွင် ယင်းကိစ္စရပ်ကို ရွေးကောက်ပွဲဆိုင်ရာ ခုံရုံးသို့ ထပ်မံတိုင်ကြားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းညွှန့်သည် နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသော နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၁၈၉ ဦးတွင် ကိုယ်စားလှယ်လောင်း အရည်အချင်း ကန့်သတ်ချက်နှင့် ကိုက်ညီမှုမရှိဟု ဆိုကာ ပယ်ချခံရသော ကိုယ်စားလှယ်လောင်း ၈၈ ဦး ရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ပယ်ချခံရမှု မရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက စိစစ်နေသည့် အချိန်တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံခြင်း မရှိကြောင်းကို ထိုကိုယ်စားလှယ်လောင်း ရွေးကောက်ခံမည့် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထားများ တင်ပြပြီး သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်နိုင်ကြောင်း လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည်။
Credit to>>>The Voice Weekly

0 comments:

Post a Comment