1.10.15

နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးဟု ထုတ်ပြန်

နိုင်ငံရေး၊ စစ်ရေး အခြေအနေ အမျိုးမျိုးကြောင့် လက်ရှိ အနေအထားတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး အနေဖြင့် အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များအစည်း အဝေးအပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေ ညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ည ၉ နာရီကျော်အထိ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရေး၊ နှစ်ဘက် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲရေး၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးစသည့် လုပ်ငန်းစဉ်များ အားလုံးတွင် အတူတကွ ပါဝင်နိုင်ရေးအတွက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ဆက်လက် ကြိုးပမ်းသွားကြရန် နားလည်မှု တည်ဆောက် နိုင်ခဲ့ကြသည်ဟုလည်း အစည်းအဝေး ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။
အစည်းအဝေးသို့ တက်ရောက် လာခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများသည် အဖွဲ့အစည်း အသီးသီး၏ ချဉ်းကပ်မှု နည်းနာပေါင်းစုံဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဍ အသီးသီးမှ ဆက်လက် တိုက်ပွဲဝင်သွားကြမည် ဖြစ်ပါသည်ဟုလည်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့အနက် ၁၈ ဖွဲ့ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့က အောက်တိုဘာလအတွင်း အစိုးရနှင့် အပစ် ရပ်စဲရေး လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။        
ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ CNF မှ အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက “ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကနေ ကျွန်တော်တို့ လက်မှတ် ထိုးနိုင်တဲ့ အဖွဲ့ရှိသလို မထိုးနိုင်တဲ့အဖွဲ့ ရှိပါတယ်။ ဒါပေမဲ့လို့ ဘယ်သူကမှ လက်မှတ် မထိုးဘူးလို့ မပြောဘူး။ အကုန်လုံးက လက်မှတ်ထိုးမယ်။ အခြေ အနေ အချိန်အခါ ကြည့်ပြီးမှ လက်မှတ်ထိုး သွားမယ်ဆိုတာ သူတို့သဘောထား ပေးပါတယ်။ တစ်ဖွဲ့ချင်းအနေနဲ့ လက်မှတ်ထိုးရေး ကိစ္စကို ဆုံးဖြတ်ကြတဲ့ အနေအထားဖြစ်တော့ ဒါက တစ်ဖွဲ့ချင်းစီရဲ့အနေအထားနဲ့ပဲ သက်ဆိုင်မှာပါ။ လက်မှတ် မထိုးနိုင်သေးတဲ့ အဖွဲ့အစည်းက နောက်တစ်လလား၊ နောက်နှစ်လလား၊ နောက်ခြောက်လလား သူတို့ရဲ့အနေအထားအရ သူတို့ ထိုးနိုင်တဲ့ အခြေအနေကို ကြည့်ပြီးတော့မှ သူတို့ ထိုးမယ့်အနေအထား မျိုး ရှိပါတယ်ခင်ဗျ”  ဟု ပြောကြားသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့မှ ကိုယ်စားလှယ် ၇၁ ဦးနှင့် လေ့လာသူ ခြောက်ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။
သုံးရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ ရင်ဆိုင်နေရသည့် ထိုးစစ်ဆင်မှုများ၊ စစ်ရေးတင်းမာမှုများသည် အားလုံး လိုလားနေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ များ ဖြစ်မြောက်ရေးတို့အတွက် အဓိက အဟန့်အတား ဖြစ်စေသောကြောင့် အထူး စိုးရိမ်နေရကြောင်း အလေးထား ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် တူညီသောနိုင်ငံရေး ရည်မှန်းချက်များ ရှိသော်လည်း မတူညီသည့် ချဉ်းကပ်မှု နည်းနာများ ရှိနေခြင်းကို ဂရုပြုလျက် လက်ရှိ အခြေအနေနှင့် ကိုက်ညီစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်တွဲ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
 
Credit To >>>> Eleven Media Group

0 comments:

Post a Comment