1.10.15

ကြေးစင်တောင် ကြေးနီမိုင်းမှ အက်စစ်ကန် ပေါက်ကျခဲ့သည့် ကိစ္စရပ်အပေါ် မြန်မာယမ်စီ ကုမ္ပဏီ အနေဖြင့် တာဝန်မယူသဖြင့် ဒေသခံများ သောက်သုံးရေ အခက်ကြုံ

ယခုနှစ် စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကြေးစင်တောင် ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်ခွင့်ရ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းခွင် အတွင်းမှ ကြေးနီသတ္ထု ထုတ်ယူရာတွင် အသုံးပြုနေသည့် အက်စစ်ကန်မှ ရေများ မြောက်ယမားချောင်း အတွင်းသို့ ပေါက်ကျခဲ့မှုအပေါ် တာဝန်မယူသဖြင့် ယမားချောင်း တစ်လျှောက်ရှိ ဒေသခံကျေးရွာများ အနေဖြင့် လူများသောက်သုံးရေမှ တိရစ္ဆာန်သောက်သုံးရေအဆုံး အခက်ကြုံနေရကြောင်း ရွှေပန်းခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယမားချောင်းဘေးရှိ ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၃၀ ရက်တွင် ဒေသခံများမှ မြန်မာယမ်စီ ရုံးခန်းမှာ ချိန်းဆိုထားလို့ သွားရောက်တွေ့ဆုံရာတွင် မြန်မာယမ်စီရုံး တာဝန်ရှိသူ အနေဖြင့် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက ဆုံးဖြတ်တဲ့အတိုင်း သူတို့ကုမ္ပဏီ အနေဖြင့် ယခုဖြစ်စဉ်အား တာဝန်ယူပေးမည်ဖြစ်ပြီး ၎င်းအနေဖြင့် လတ်တလော ချက်ချင်းဖြေရှင်းပေးရန် အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ကြေးစင်တောင် ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာယမ်စီ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်နေခြင်းဖြစ်ပြီး မြန်မာယမ်စီကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော်လုပ်ကိုင်ခွင့်ရ မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုလည်း ဖြစ်သည်။

ရွှေပန်းခိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ကိုဇော်ဌေးက “စဖြစ်တာကတော့ စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန် မိုးရွာသွန်းစဉ်မှာ ဖြစ်တာပါ။ ၂၇ ရက် မနက်မှာ ရွာသူ၊ ရွာသားတွေက လာပြောတယ်။ ချောင်းရေထဲမှာ ငါးတွေ ပုစွန်တွေ သေနေတယ်။ ချောင်းရေကလည်း မိုင်းထဲက အက်စစ်ရေ အရောင်အတိုင်း စိမ်းနေတယ်ဆိုပြီး လာပြောတယ်။ သွားကြည့်တော့ ရွာသူသားတွေ တင်ပြတဲ့အတိုင်း ဖြစ်နေတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကိုလည်း လှမ်းပြီး အကြောင်းကြားတယ်။ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန်ကိုလည်း လှမ်းပြီး ဆက်သွယ်တယ်။ အခြေအနေအရပ်ရပ်ကို တင်ပြပေမယ့် ဒီလောက်ကိစ္စလေးနဲ့ ဘာဖြစ်သွားမှာမို့ဆိုပြီး ပြန်ပြောပါတယ်” ဟု ဆိုသည်။

ရွှေပန်းခိုင်ရွာမှ ဒေသခံများက “သူတို့ ကုမ္ပဏီ အနေနဲ့ အခုဖြစ်စဉ်ကို ဒေသခံတွေအပေါ် ဖြစ်ဖြစ်ခြင်း အကြောင်းကြားသင့်တယ်။ အခုဆိုရင် သောက်သုံးရေကစလို့ အများကြီး အခက်ကြုံနေရပြီး။ သူတို့ ကုမ္ပဏီ အနေနဲ့ ပြောလိုက်ရင် သူတို့က ရေဆိုးတွေ မစွန့်ထုတ်ပါဘူး။ ရေဆိုးတွေ မစွန့်ထုတ်ဘူးဆိုရင် သူတို့ ကုမ္ပဏီက အကြီးအကဲတွေလာပြီး ဒီရွာသူ၊ သားတွေ သောက်နေရတဲ့ ရေကိုလာပြီး တစ်ရက်လောက် သောက်ကြည့်စေချင်ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ရေယာဉ်ချောင်းနှင့် ရေယာဉ်ချောင်း စီးဝင်နေသည့် ယမားချောင်းတစ်လျှေက်တွင် ငါးအသေကောင်းပုတ်နံ့များ အက်စစ်ပျော်ဝင်နေသည့် အနံ့ဆိုးများဖြင့် ချောင်းတစ်လျှောက်တွင် သာဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီး ဒေသဆိုင်ရာ အာဏာပိုင်များ အစိုးရအဖွဲ့ တာဝန်ရှိသူများ အနေဖြင့် တစ်ကြိမ်တစ်ခါမျှ လာရောက်စစ်ဆေးပေးခြင်း မရှိကြောင်း ရွှေပန်းခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

ရေယာဉ်ချောင်းသည် မြောက်ယမားချောင်း အတွင်းသို့ စီးဝင်ပြီး မြောက်ယမားချောင်းသည် ဂုဏ်တောရွာ၊ ရေကြည်ပင်ရွာ၊ မြရိပ်ရွာ၊ မြစိမ်းရွာ၊ ထန်းတောကြီးရွာ၊ ကျေးစာကျရွာ ဒေသခံလူများသာမက လယ်ယာသုံးခိုင်းနွားနှင့် ဆိတ်ဝက်ကြက်များကိုပါ သောက်ရေအဖြစ် အသုံးပြုနေကြရပြီး နောက်ဆုံးတွင် ချင်းတွင်းမြစ်အတွင်းသို့ ကျောက်မျက်တောင်အနီး စီးဝင်သွားကြောင်း ရေကြည်ပင်ရွာ ဒေသခံတစ်ဦးက ဆိုသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment