8.10.15

ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် နိုင်ခြေ ရာခိုင်နှုန်း ၉၀ ရှိကြောင်း UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ပြောကြား

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ  မြို့နယ်အချို့မှ ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပါတီအောင်နိုင်ရေး စည်းရုံး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ် လွှတ်တော်ကို အပြည့်အ၀ ချုပ်ကိုင်နိုင်ရေးနဲ့ ရခိုင်ကံကြမ္မာကို အပြည့်အ၀ ဖန်တီးနိုင်ရေးအတွက် အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီးတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ် လွှတ်တောက်ကို ထိန်းချုပ်နိုင်မှ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ တန်းတူ အခွင့်အရေးတွေ ရရှိလာမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံးအပြင် ပလက်ဝ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရရှိရေး အတွက်ကိုလည်း အောင်နိုင်ရေး ဗဟိုကော်မတီနှင့် ဒေသအလိုက် မြို့နယ် အလိုက် အောင်နိုင်ရေး ကော်မတီများ အဆင့်အဆင့်ကို ဖွဲ့စည်းပြီး စနစ်တကျ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် မဲဆွယ်စည်းရုံးရေး မတိုင်မီ ကာလကတည်းက အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ပါတီဆိုင်းဘုတ်များ ထောင်ခဲ့ကြောင်းနှင့် ပါတီတွင်းမှ ကိုယ်စားလှယ်များကလည်း နေရာဒေသ အနှံ့တို့တွင် မဲဆွယ် စည်းရုံးရေးအတွက် ဟောပြောပွဲများကို လုပ်ဆောင်ချက်ရှိကြောင်း သိရသည်။
“အောက်တိုဘာ ၁ ရက်ကနေ ဒေသခံတွေနဲ့ တွေဆုံဟောပြောမှုတွေ လုပ်တယ်။စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ ကမ်းထောင်းကြီးတို့ကို သွားပြီးပြီ။ မြေပုံ၊ အမ်း၊ ဂွပြီးရင် နောက်ထပ်လည်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို သွားဖို့ရှိပါတယ်။ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဟာ အောင်နိုင်ခြေ ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီလို အောင်နိုင်မှလည်း ရခိုင်ပြည်နယ်ရဲ့ ပါလီမန်ကို တိုင်းရင်းသားပါတီတွေက ထိန်းချုပ်နိုင်မှာဖြစ်ပြီး ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေကို လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ပြည်မက ပါတီတွေလည်း လောဘမကြီးဖို့ လိုတယ်။ ပြည်မက ပါတီတွေအနေနဲ့ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ဖို့ကြိုးစားတာဟာ မသင့်တော်ပါဘူး။ နောက်ပြီး ကျွန်တော်က ပြည်နယ်ကိုဆင်းပြီး လုပ်ဆောင်နေချိန်မှာ နိုင်ငံရေး အတွေ့ကြုံရှိပြီး ရင့်ကျက်တဲ့ ဦးအေးသာအောင်နဲ့ ဦးဦးလှစော တို့ကလည်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တွေမှာ အရွေးခံပြီးတော့ ပြည်ထောင်စု လွှတ်တော်ထဲမှာ အခြားတိုင်းရင်းသားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ထို့အပြင် ပြည်မပါတီများနှင့် တိုင်းရင်းသားပါတီများဖြင့် မဟာမိတ်ဖွဲ့၍ ပြည်ထောင်စု ပါလီမန်၏ အနေအထား၊ ပြည်နယ် ပါလီမန်၏ ထိန်းချုပ်မှု၊ ပြည်နယ်အစိုးရ၏ တာဝန်ယူမှု သုံးချက်ဖြင့် ကိုယ့်ပြည်က ထွက်သည့် သယံဇာတကို ပြည့်ပြည့်၀၀ အသုံးပြုကာ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်က “လွပ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ စာချုပ်ထဲမှာ တောင်တန်းနဲ့ မြေပြန့် ညီညွတ်တယ်။ အဲဒီ အချိန်မှာ လွပ်လပ်ရေး ရနိုင်အောင်၊ စီးပွားရေး၊ နိုင်ငံရေးအားဖြင့် စီးပွားရေး အချိန်အဟုန်ကြီးလေ ပြည်မနဲ့ တောင်တန်းဒေသ ညီညီညွတ်ညွတ် ယူသင့် မယူသင့်ကို အင်္ဂလိပ်တွေ စဉ်းစားခဲ့ပုံပေါက်ပါတယ်။ အတူယူခဲ့ရင် ဒီ တိုင်းရင်းသားတွေ ခံရတော့မယ်ဆိုတဲ့ အသိနဲ့ လွပ်လပ်ရေးကို ပြိုင်တူမယူခဲ့လို့ တားခဲ့ပုံ ပေါက်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယုံလို့ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးဟာ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး လွပ်လပ်ရေးကို ရယူခဲ့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ပြောခဲ့တာ ရှိတယ်။ အင်္ဂလိပ်ကျွန်က လွတ်မြောက်ပြီးမှ ဗမာကျွန်မဖြစ်စေရလို့ တိုင်းရင်းသားတွေကို ကတိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ပတ်ချာလည်ပြီး အခုလို ဖြစ်သွားရတာပါ” ဟုလည်း ဒေါက်တာအေးမောင်က ပြောကြား သည်။
ထို့အပြင် နိုင်ငံရေးအားဖြင့် တိုင်းရင်းသားများ၏ ရှင်သန်မှုကို သတ်နေကြောင်း၊ စီးပွားရေးအားဖြင့် ပြည်မကို မှီခိုနေထိုင်ရအောင် စနစ်တကျ ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများသည် နို့သက်ခံ ဘ၀ကို အလိုလို ရောက်ရှိလာခဲ့ ကြောင်းများကို ပြောဆိုခဲ့သည်။
အလားတူစွာပင် အမိမြေ လုံခြုံရေးသည် ပထမဦးစားပေး ဖြစ်ကြောင်း၊ ၂၀၁၂ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ပြသနာမျိုးကို မည်ကဲ့သို့ ရင်ဆိုင်ရမည် ဆိုသည့် အချက်များ ကြည့်လျင် အချုပ်အခြာအာဏာကို ကိုင်လှုပ်နိုင်သော ပုဂ္ဂိုလ်များသည် ရခိုင်သား စစ်စစ်ဖြစ်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသား မဟုတ်သော ပုဂ္ဂိုလ်များ နိုင်ရေးပါတီထောင်ခွင့်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment