8.10.15

ပထမဆုံးဆင်နွှဲခဲ့သော ကမ္ဘာ့တိရစ္ဆာန်များနေ့


ရန်ကုန်မြို့၏ အထင်ကရ နေရာဖြစ်သည့် ကန်တော်ကြီး မျှော်စင်ကျွန်းထဲ၌ ဆင်တူအင်္ကျီများ ၀တ်ဆင်ထားသော တိရစ္ဆာန်ချစ်သူများက တောရိုင်းတိရစ္ဆာန်လေးများကို သတ်ဖြတ်ခြင်းမပြုရန် တိုက်တွန်းထားသည့် အသိပညာပေးဆိုင်းဘုတ်များအနီးတွင် စုဝေးနေကြသည်။
ဆင်များ မသတ်ဖြတ်ရေး၊ ငါးမန်းတောင်များ အသုံးမပြုရေး စသည့် တိရစ္ဆာန်အစိတ်အပိုင်းပစ္စည်းများ မသုံးစွဲရေး ဆောင်ပုဒ်များကို ကလေးငယ်အချို့က ကိုင်ဆောင်ထားကြသည်။
ထို့အတူ အိမ်မွေးတိရစ္ဆာန်  ချစ်သူများကလည်း ချစ်စရာအိမ်မွေးခွေးကလေးများကို ကိုယ်စီ ခေါ်ဆောင်ကာ ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ဆင်နွှဲရန် စိတ်အားထက် သန်နေကြသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့သည် တိရစ္ဆာန်အားလုံးနှင့် သက်ဆိုင် သော်လည်း ကမ္ဘာတွင်ရော မြန်မာနိုင်ငံတွင်ပါ ရှားပါးစပြုနေ သည့် ဆင်နှင့်ကြံ့တို့နှင့် ပတ်သက်သော လှုပ်ရှားမှုကို အဓိကထားပြုလုပ်ခဲ့သည်။
အထူးသဖြင့် ဆင်များသည် အစွယ်ကြောင့် သတ်ဖြတ်ခံနေရသည့်အတွက် ဆင်စွယ်ပစ္စည်း များ မသုံးစွဲရေး၊ ဆင်များ သတ်ဖြတ်ခြင်း မပြုရေးတို့အတွက် ပညာပေးမှုများ ပြုလုပ်လျက်ရှိကြသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့သည် အောက်တိုဘာ ၄ ရက်တွင် ကျရောက်သော်လည်း ကမ္ဘာနှင့်တစ် ၀န်းတွင် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့၌ ကျင်းပလျက်ရှိ သည်။
အောက်တိုဘာ ၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တိရစ္ဆာန်များနေ့ကို နိုင်ငံအနှံ့အပြား၌ နှစ် စဉ်ပြုလုပ်လျက်ရှိရာ ထိုင်းနိုင်ငံ အခြေစိုက် ဆင်ထိန်းသိမ်းရေး အဖွဲ့အစည်း (Save Elephant Foundation)၏ ပံ့ပိုးမှုဖြင့် မြန်မာ နိုင်ငံကလည်း ယခုနှစ်တွင် အခြား နိုင်ငံများနည်းတူ ပါဝင်ဆင်နွှဲခဲ့ သည်။
အခမ်းအနား ဖွင့်လှစ်ချိန်တွင် ကမ္ဘာ့တိရစ္ဆာန်များနေ့၌ အသားပေးထားသည့် အဓိကဇာတ်ကောင် ဆင်ကို ဦးစားပေးကာ ကျောက်ဆည်ဆင်အကဖြင့် ကပြဖျော်ဖြေမှု စတင်ခဲ့ရာ၌ ဟိုနားတစ်စု ဒီနားတစ်စု ဖြစ်နေသည့် တိရစ္ဆာန်ချစ်သူများသည်  မျှော်စင်ကျွန်းထဲ၌ ပိုမိုစုဝေးလာကြ သည်။
 ဆင်အစစ်တစ်ကောင်အလား ထင်မှတ်ရသည့် ကျောက်ဆည်ဆင်ကြီးများ ကပြသော်လည်း ဖျော်ဖြေပြီးနောက် တိရစ္ဆာန် ဇာတ်ကောင်များ ပါဝင်သည့် ဟိမ၀န္တာရုပ်သေးပြကွက်များ ပြသချိန်တွင်တော့ ပရိသတ်စိတ်ဝင်စားမှု ပိုခဲ့သည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့အခမ်းအနားကို မြန်မာနိုင်ငံမှ တိရစ္ဆာန် ချစ်သူများနှင့် ကလေးငယ်များ အပါအ၀င် လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး တိရစ္ဆာန်ချစ်သူ မြန်မာအနုပညာရှင်များနှင့် ထိုင်းနိုင်ငံမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
‘‘လူတွေရဲ့ အသုံးအဆောင်ပစ္စည်းအတွက် ဆင်တွေဟာ ဆယ့်ငါးမိနစ် တစ်ကောင်နှုန်းနဲ့ သေနေကြရတဲ့အတွက် ကာကွယ် ဖို့လိုပါတယ်’’ ဟု ကမ္ဘာ့တိရစ္ဆာန် များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အဆိုတော် ငယ်ငယ်ကဆိုသည်။
 ကမ္ဘာ့တိရစ္ဆာန်များနေ့ကို Save Elephant Foundation ၏ ဦးဆောင်မှုဖြင့် ၂၀၁၃ တွင် စတင် ကျင်းပခဲ့ရာ ယင်းအချိန်က ကမ္ဘာ့ နေရာအနှံ့မှ မြို့ ပေါင်း ၄၀ ကျော် ၌ ပြုလုပ်ခဲ့ကြသော်လည်း ယခု နှစ်တွင် မြို့ပေါင်း ၁၄၀ ၌ ပြုလုပ် သည်ဟု ခန့်မှန်းထားသည်။
 ‘‘ကမ္ဘာ့အနှံ့အပြားမှာ တိရစ္ဆာန်ချစ်သူတွေက ကမ္ဘာ့ တိရစ္ဆာန်များနေ့ အခမ်းအနားကို နှစ်စဉ်ပြုလုပ်နေပါတယ်။ ထိုင်း နိုင်ငံမှာဆိုလည်း အနုပညာရှင် တွေကပါ ဦးဆောင်ပါဝင်ပြီး ဆင် စွယ်မသုံးစွဲရေး၊ ဆင်တွေကို မသတ်ဖြတ်ရေးအတွက် ပညာပေးမှုတွေ လုပ်နေပါတယ်’’ဟု Save Elephant Foundation သံတမန် မစံပယ်ကပြောသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း တိရစ္ဆာန်ချစ်သူများ၊ သဘာဝပတ်ဝန်းကျင်ချစ်သူများဖြင့် စည်ကားခဲ့သည်။
‘‘တိရစ္ဆာန်ထိန်းသိမ်းရေးအတွက် ဒီလိုပွဲမျိုးလုပ်တာကို ပထမဆုံး ကြုံဖူးတာပဲ။ ဒီပွဲလုပ်မှပဲ ကမ္ဘာ့တိရစ္ဆာန်များနေ့ ရှိတယ်ဆိုတာ သိရတော့တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဆင်တွေအ ကြောင်းကို ပြောပြတဲ့အခါမှာ လည်း ဆင်တွေက  ဒီလို သတ် ဖြတ်ခံနေရပါလားဆိုတာ သိရ တယ်’’ဟု ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနားသို့ လာရောက်သည့် ကိုမင်းမင်းကပြောသည်။
 ယင်းနေ့အခမ်းအနားတွင် အနုပညာရှင်များနှင့် ထိုင်းနိုင်ငံ အခြေစိုက် Save Elephant Foundation တည်ထောင်သူများ က မြန်မာနိုင်ငံတွင်ရော ကမ္ဘာတွင်ပါ ဆင်၊ ကြံ့နှင့် တောရိုင်း တိရစ္ဆာန်များ တရားမ၀င် သတ်ဖြတ်ခံရမှုများကို ပညာပေးဟော ပြောခဲ့သည်။
‘‘ဆင်တွေက မကြာခဏ သတ်ဖြတ်ခံရတဲ့အပြင် ဆင်တွေကို အကောင်လိုက် ရောင်းတာတွေပါ ဖြစ်နေပါတယ်’’ဟု Save Elephant Foundation (Myanmar) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောသည်။
 ဖျော်ဖြေမှုပြီးဆုံးချိန်တွင်တော့ ကျောက်ဆည်ဆင်ကြီးများ  ဦးဆောင်ကာ တိရစ္ဆာန်ချစ်သူများ စုဝေး၍ တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေး ဆိုင်းဘုတ်များ၊ တိရစ္ဆာန်ရုပ်ပုံလေးများ ကိုင် ဆောင်ကာ ကန်တော်ကြီးအတွင်း လမ်းလျှောက်ခြင်းဖြင့် ကမ္ဘာ့ တိရစ္ဆာန်များနေ့ အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါသည်။

Credit To >>> 7Day News 

0 comments:

Post a Comment