27.11.15

နောက်ထပ်အမှား ထပ်မလုပ်ရန် တူရကီကို ရုရှား ပြင်းပြင်းထန်ထန် သတိပေး


ရုရှား ဂျက်တိုက်လေယာဉ် တစ်စင်းကို တူရကီစစ်ဘက်က ပစ်ချလိုက်မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ရုရှားအစိုးရက နောက်ထပ် အလားတူဖြစ်ရပ်မျိုး ထပ်မံမပြုလုပ်ရန် တူရကီ အစိုးရကို ရှင်းရှင်းလင်းလင်း သတိပေး ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ယမန်နေ့က ထွက်ရှိလာသည့် ရုရှား နေ့စဉ်သတင်းစာများတွင် “အကြမ်းဖက်သမားတွေရဲ့ ကြံရာပါတွေက ရုရှားရဲ့ နောက်ကျောကို ဓားနဲ့ထိုးသွားတယ်” ဟူသော သမ္မတ ဗလာဒီမာပူတင်၏ ပြင်းထန်သည့် မှတ်ချက်ကို ခေါင်းစဉ်တင် ဖော်ပြခဲ့ရုံမျှမက တူရကီကို ရုရှားအစိုးရက ပြင်းပြင်းထန်ထန် သတိပေးထားသည့် သတင်းများ ပါဝင်သည်။

“သမ္မတပူတင်က တူရကီသမ္မတ အာဒိုဂန်အနေနှင့် နောက်ဆက်တွဲ ဖြစ်စဉ်များကို ရင်ဆိုင်ရလိမ့်မည်ဟု သတိပေး ပြောကြားပြီး ဖြစ်သည်” ဟု ရုရှားဘာသာဖြင့် ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြထားသည်။

ဂျက်တိုက်လေယာဉ် ပစ်ချခံလိုက်ရမှုတွင် လေယာဉ်မှူးနှစ်ဦးအနက် တစ်ဦးမှာ ပစ်ခတ်သတ်ဖြတ် ခံလိုက်ရကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။

“ဆိုးရွားလှသည့် အချက်မှာ ယင်းလေယာဉ်မှူးသည် မီးလောင်ကျွမ်းနေသော လေယာဉ်ထဲမှ လေထီးဖြင့် ခုန်ထွက်စဉ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်” ဟု အသက်ရှင် ကျန်ရစ်သူ လေယာဉ်မှူးတစ်ဦး၏ ပြောပြချက်ကို ရုရှားမီဒီယာများက ကိုးကားဖော်ပြသည်။

ရုရှားသည် လွန်ခဲ့သည့် နှစ်လခန့်၊ ဆီးရီးယား၌ လေကြောင်းထိုးစစ်များ စတင်လုပ်ဆောင်ခဲ့သည့် အချိန်မှစ၍ တူရကီ လေပိုင်နက်ထဲသို့ ဂျက်တိုက်လေယာဉ်များ ဝင်ရောက်ပျံသန်းမှုနှင့် ပတ်သက်၍ တူရကီနိုင်ငံ၏ သတိပေးမှု များစွာနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ်တွင် ပစ်ချခံလိုက်ရသော ရုရှားဂျက်တိုက်လေယာဉ်သည် ဆီးရီးယား လေပိုင်နက်အတွင်း ပျံသန်းခဲ့ခြင်း ဖြစ်သည်ဟု ရုရှားတို့က အာမခံ ပြောဆိုလျက် ရှိသည်။

ရုရှားဘက်က သက်သေအထောက်အထား အသေးစိတ်ကို ထုတ်ဖော်ပြောဆိုမှု မပြုသေးသော်လည်း တူရကီအစိုးရ၏ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်သည် တူရကီ လေပိုင်နက် အတွင်းသို့ ၁၇ စက္ကန့် ကြာမျှ ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ ၁၇ စက္ကန့်မျှသာ ရှိသော အချိန်တိုအတွင်း တူရကီဘက်က မည်သို့မည်ပုံ တုံ့ပြန်နိုင်ခဲ့သနည်း ဟူသော မေးခွန်းမှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု ရုရှားစစ်ဘက် ပုဂ္ဂိုလ်များက ပြောကြားသည်။

တိုတောင်းလှသော စက္ကန့်ပိုင်းမျှ ဝင်ရောက်မှုက တူရကီနိုင်ငံအပေါ် အန္တရာယ် ဖြစ်လောက်အောင် ခြိမ်းခြောက်နိုင်ခြင်း မရှိဟုလည်း စစ်ရေး လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။

တူရကီ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသော ရုရှားပြည်သူများက မော်စကိုရှိ တူရကီသံရုံးကို ဝိုင်းရံကာ ဆန္ဒပြခဲ့ကြသလို ကြက်ဥများ၊ ကျောက်ခဲများဖြင့်လည်း ပစ်ပေါက်ခဲ့ကြသည်။

BBC သတင်းထောက်၏ ပြောကြားချက်အရ မော်စကိုရှိ တူရကီသံရုံးရှေ့တွင် ဆန္ဒပြသူများသည် ‘လူသတ်သမားတွေ အလိုမရှိ’ ဟုလည်း အော်ဟစ်ခဲ့ကြကြောင်း သိရသည်။

Credit To >>>> The Voice News 

0 comments:

Post a Comment