4.11.15

အမေရိကန်က တောင်တရုတ်ပင်လယ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်


အပြည်ပြည်ဆိုင်ရာဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်း၌ အမေရိကန်စစ်ဘက်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင်လည်း ယင်းအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်သို့ ရောက်ရှိနေသည့် အမေရိကန်ထိပ်တန်း ရေတပ်ဗိုလ်ချုပ်ကြီးက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပီကင်းတက္ကသိုလ်ရှိ စတန်းဖို့ဒ်စင်တာ၌ မိန့်ခွန်းပြောကြားခဲ့သော ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်က “အပြည်ပြည်ဆိုင်ရာ ရေပြင်နဲ့ ဝေဟင်ပိုင်နက်တွေကို လူတိုင်းက ပိုင်ဆိုင်ပါတယ်။ ဒီပိုင်နက်တွေကို တစ်နိုင်ငံ တည်းက စိုးမိုးထားလို့မရပါဘူး”ဟု ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်းကို မည်သည့်အချိန်မဆို ပျံသန်း၊ ရွက်လွှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တောင်တရုတ် ပင်လယ်သည်လည်း ခြွင်းချက်မဟုတ် ကြောင်း ဟားရစ်က ထပ်မံပြောကြားခဲ့သည်။
ဟားရစ်သည် အမေရိကန်၏ ပစိဖိတ်စစ်တိုင်း တပ်မှူးဖြစ်ပြီး မဟာဗျူဟာမြောက် ရေလမ်းကြောင်းအတွက် အမေရိကန်၏ ဆုံးဖြတ်ချက်ကို တရုတ်မြို့တော်တွင် တရားဝင် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ တရုတ်သည် အငြင်းပွား ရေပိုင်နက်အတွင်း၌ စစ်ရေးအသုံးပြုရန်အတွက် ကျွန်းတုများ တည်ဆောက်နေသည်။ ၁၉၄၀ ပြည့်လွန်နှစ်များက တရုတ်မြေပုံများတွင် ပထမဆုံး ဖော်ပြခဲ့သည့်အတိုင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေသည့် ကျွန်းစု အားလုံးနီးပါးကို နယ်နိမိတ် သတ်မှတ်မှုကို အခြေခံ၍ အငြင်းပွား ပိုင်နက်အားလုံးကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားထားသည်။
ထိုတောင်းဆိုချက်သည် မရေမရာဖြစ်ပြီး အမှတ် ၉ မှတ်ပါ သတ်မှတ်မျဉ်းပေါ် အခြေခံထားကြောင်း ဟားရစ်က ပြောကြားခဲ့သည်။ ကျွန်းတုများအနီး ရေပိုင်နက်ကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုမှုအား အသိအမှတ် မပြုဟု အမေရိကန်က အကြိမ်ကြိမ် ပြောကြားထားသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်းက မေရိကန်ဖျက်သင်္ဘော USS Lassen သည် အငြင်းပွား စပရက်တလီကျွန်းစုရှိ ကျွန်းတစ်ကျွန်းမှ ရေမိုင် ၁၂ မိုင်အကွာတွင် ခုတ်မောင်းခဲ့သည်။ ဒေသတွင်း၌ နယ်မြေအငြင်းပွားမှုတွင် အမေရိကန်သည် မည်သည့်ဘက်မှ မရပ်တည်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ကာကွယ်ရန်အတွက် သင်္ဘော မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။ USS Lassen ၀င်ရောက် မောင်းနှင်မှုကို တရုတ်က ဂရုတစိုက် စီစဉ်တုံ့ပြန်ခဲ့သည်။ အာဏာပိုင်များက ထုတ်ဖော် ကန့်ကွက်ခဲ့ပြီး အမေရိကန်ဆိုင်ရာ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။ ထို့ပြင် USS Lassen ကို စောင့်ကြည့်နေကြောင်း တရုတ်က ဆိုခဲ့သည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment