4.11.15

ထိုင်ဝမ်နှင့် တရုတ်ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံး တွေ့ဆုံရန်စီစဉ်


ယခုသီတင်းပတ်ကုန်တွင် တရုတ်နှင့် ထိုင်ဝမ် ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရှိရသည်။
ထိုင်ဝမ်ရေလက်ကြားတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ဦးတည်ပြီး နှစ်ဖက်စလုံးက ဆွေးနွေးသွားကြမည် ဖြစ်သည်။ စင်ကာပူတွင် ထိုင်ဝမ်သမ္မတ မာယင်ဂျောင်နှင့် တရုတ်သမ္မတ စီကျင်းပင်တို့ တွေ့ဆုံမည့် အစီအစဉ်သည် ၁၉၄၉ ခုနှစ်၊ ထိုင်ဝမ်နိုင်ငံ ခွဲထွက် ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

တရုတ်က ထိုင်ဝမ်ကို ၎င်းတို့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကြေညာထားသော်လည်း ထိုင်ဝမ်ကမူ လွတ်လပ်စွာ သီးခြားရပ်တည်ကာ တရုတ်ဗဟိုအစိုးရကို အာခံခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်၌ ကွန်မြူနစ်တို့ကို အရေးနိမ့်ကာ တရုတ်အမျိုးသားရေးဝါဒီ အစိုးရသည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးတိမ်းရှောင်လာပြီး သီးခြားနိုင်ငံ ထူထောင်ခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်အဆက် တင်းမာခဲ့သောလည်း ထိုင်ဝမ်တွင် သမ္မတမာ အာဏာရလာသည့် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် နွေးထွေးမှုများ ရှိလာသည်။ ယခင်က တရုတ်သည် ထိုင်ဝမ်ကို
မိမိတို့ ပိုင်ဆိုင်ကြောင်း၊ စစ်အင်အား အသုံးပြုကာ အဆိုပါ ကျွန်းနိုင်ငံကို သိမ်းပိုက်ရန် နှောင့်နှေးနေမည် မဟုတ်ကြောင်း မကြာခဏ ခြိမ်းခြောက်ခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမည့် လမ်းကြောင်းသို့ ဦးတည်လာခြင်း ဖြစ်သည်။
ထိုင်ဝမ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ချန်ယင်ဆင်းက သမ္မတမာ၏ ရည်ရွယ်ချက်သည် ထိုင်ဝမ်ရေလက်ကြားတွင် တည်ငြိမ်အေးချမ်းပြီး တရုတ်အစိုးရနှင့် ဆက်ဆံရေး မြှင့်တင်တည်ဆောက်သွားရန် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ယခုကဲ့သို့ နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တွေ့ဆုံရန် စီစဉ်မှုသည် ထိုင်ဝမ် ရွေးကောက်ပွဲ မတိုင်မီ သုံးလမျှ အလိုတွင် အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ တရုတ်က ထိုင်ဝမ်နှင့် ဆက်ဆံရေးကို မြှင့်တင်လိုသော်လည်း ရွေးကောက်ပွဲတွင် သမ္မတမာသာ ရှုံးနိမ့်ခဲ့ပါက ညှိနှိုင်းရေးလမ်းစဉ်များ အလှမ်းဝေးသွားဖွယ် ရှိနေသည်။ လတ်တလော စစ်တမ်းများအရ အတိုက်အခံခေါင်းဆောင်
ဆိုင်အင်ဝမ်ကို ထိုင်ဝမ် ပြည်သူအများစုက သဘောကျနေရာ တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ ဆိုင်က သူမသည် တရုတ်နှင့် ဆက်သွယ်ဆွေးနွေးမှုကို ကြိုဆိုကြောင်း လမ်းဖွင့်ထားသည့်တိုင်
ဘေဂျင်းဘက်ကမူ သူမကို တွေ့ဆုံရန် ငြင်းဆိုပြီး အယုံအကြည် ကင်းမဲ့ကြောင်း ပြသထားသည်။
သမ္မတမာ၏ ရုံးအဖွဲ့က ကြေညာရာတွင် စင်ကာပူ၌ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး ချောမွေ့အဆင်ပြေရေးကိုသာ ရှေ့ရှုမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်စုံတစ်ရာ လက်မှတ်ရေးထိုးမည် မဟုတ်ဟု ဖော်ပြထားသည်။ ပြောရေးဆိုခွင့်ရ အရာရှိ ချန်က “ဘာသဘောတူညီမှုမှ လက်မှတ်ရေးထိုးမှာ မဟုတ်သလို နှစ်နိုင်ငံ ပူးပေါင်းမယ့် စီမံကိန်းတွေ ကြေညာဖို့လည်း အစီအစဉ်မရှိပါဘူး”ဟု အတည်ပြု ပြောကြားသွားသည်။

Credit To >>> 7Day News 

0 comments:

Post a Comment