20.11.15

မိုးညှင်းတွင် ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် အနီးတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

“အခုထိတော့ တိုက်ပွဲက ငြိမ်သွားလိုက်၊ ပြန်တိုက်လိုက် ဖြစ်နေတယ်။ လုံးဝရပ်သွားတာ မဟုတ်ဘူး။ တစ်ဖက်က အင်အားများတော့ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးကို ပစ်ရင်းတိုးနေရတဲ့ အခြေအနေပါ။ ဘယ်နေရာထိ တိုးနိုင်ပြီ ဆိုတာကတော့ သေချာပြောလို့ မရသေးဘူး” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးတစ်ဦးက ပြောဆိုသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကေအိုင်အေအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် “ညကတော့ တိုက်ပွဲဖြစ်တယ်။ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ ဒါပေမဲ့ အခုမနက်တော့ မနက် ၇ နာရီ တည်းက တိုက်ပွဲပြင်းထန်ပြီး ၉ နာရီခွဲလောက်ထိ ဆက်တိုက်ပစ်တယ်။ လေကြောင်းက တိုက်ခိုက်မှုတော့ မရှိဘူး” ဟု ကေအိုင်အေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ မိုးညှင်းမြို့နယ်နှင့် အနီးတွင် ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အကျအဆုံးများ ရှိခဲ့ကြောင်း၊ တစ်ဖက်အင်အား အဆမတန် များနေခြင်းကြောင်း တပ်မတော်မှ လေကြောင်းပစ်ကူ ရယူကာ တုံ့ပြန်တိုက်ခိုက်ခဲ့ရကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။
မြို့နယ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မြို့နယ်အတွင်း စာသင်ကျောင်းအချို့ကို ပိတ်ထားမှုများရှိပြီး တောင်ခြေကျေးရွာ အချို့မှ ဒေသခံများ မြို့တွင်းသို့ ပြောင်းရွှေ့ တိမ်းရှောင်နေမှု ရှိကြောင်း မိုးညှင်းမြို့နယ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

Credit To >>> The Voice News 

0 comments:

Post a Comment