20.11.15

မိုးညှင်းတိုက်ပွဲတွင် တပ်မတော်က ကေအိုင်အေ တပ်မဟာ (၈) လှုပ်ရှားရာနယ်မြေကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ရေးအရာရှိ ပြောကြား

  ကချင်ပြည်နယ် မိုးညှင်း အရှေ့တောင်ကြောပေါ်တွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် တပ်မတော်က ကေအိုင်အေ တပ်မဟာ (၈) ဌာနချုပ်ကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ရေးအရာရှိက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

မိုးညှင်း မြို့အရှေ့တောင်ခေါ် လခြမ်းတောင်ပေါ်ရှိ ကေအိုင်အေ တပ်မဟာ (၈) နှင့် မိုးညှင်းအခြေစိုက် ခလရ ၁၅ အပြင် အခြားသော တပ်များနှင့် နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လေကြောင်းဖြင့် နှစ်ကြိမ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုတွင် တပ်မတော်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိ တစ်ဦးနှင့် အခြားအဆင့်ရှိ တပ်မတော်သားနှစ်ဦး ကျဆုံးခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်း စစ်ဆင်ရေး အရာရှိက ပြောကြားသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်း စစ်ဆင်ရေး အရာရှိက “ဒီနေ့ညနေပိုင်းမှာ ဘာပစ်ခတ်မှုမှ မရှိတော့ဘူး။ တပ်မဟာ (၈)ကိုလည်း ကျွန်တော်တို့ စီးမိပါပြီ။ မိုင်းတွေပဲ အများကြီး ရပါတယ်။ ရန်သူ့အလောင်းလည်း တစ်လောင်းမှ မရပါဘူး။ ပစ်ခတ်မှု ဖြစ်သွားတာလည်း သုံးရက်ရှိသွားပါပြီ။ သယ်သွားပုံ ရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သုံးဦး ကျဆုံးပါတယ်။ ငါးဦး ဒဏ်ရာရပါတယ်။ ရိက္ခာဂိုထောင်တွေ၊ ကစားကွင်းတွေ၊ လူနေဆောင်တွေ အပြည်အစုံဆိုတော့ သင်တန်းကျောင်း လုပ်ထားတဲ့ စခန်းပုံစံ ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေတော့ အများကြီး ရပါတယ်။ တပ်မဟာ (၈) က ၂၀၁၅ ထဲမှာ ပေါ်လာတာပါ။ ၂၀၁၃ ခုနှစ် ဆွေးနွေးချက်တွေအရ တပ်မဟာတွေ ထပ်မချဲ့ဖို့ဆိုတာ သဘောတူထားချက်တွေ ရှိပါတယ်။ အခုဟာက မြို့နဲ့နီးပြီး ဆက်ကြေးကောက်၊ အနီးကျောက်မှော်တွေမှာ လူသစ်စုဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ မိုင်းနင်းမိဒေသခံတွေလည်း ဒီနှစ်မှာ ၂၂ ယောက် ရှိပါပြီ။ မသေကြပါဘူး။ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့တာတွေ ရှိပါတယ်။ ကေအိုင်အေဘက်ကလည်း ဒီကိစ္စနှင့် ဆက်သွယ်လာတာ ဘာမှမရှိဘူး” ဟု ပြောကြားသည်။

ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ရုံးမှ ဗိုလ်မှူးကြီး နော်လီက “ကျွန်တော်တို့လည်း တပ်စခန်းတွေကို ဆုတ်ထားရတယ်လို့ ကြားပါတယ်။ MPC တို့၊ မြောက်ပိုင်းတိုင်းတို့နဲ့လည်း ဘာမှမပြောကြပါဘူး။ ပြောရင်လည်း ထူးမလာပါဘူး။ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေလည်း ဘာညွှန်ကြားချက်မှ မရှိတော့ ပြောစရာ မရှိပါဘူး။ တပ်မတော်ဘက်ကလည်း ဒီကိစ္စကို ဆွေးနွေးခဲ့တာ မရှိပါဘူး။ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေးတွေ့ဖို့ အရင်က တောင်းဆိုခဲ့ပေမယ့် မအားလပ်ကြောင်း အကြောင်းပြချက် ပေးပါတယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာလည်း ပြောစရာ မရှိတော့ပါဘူး” ဟုဆိုသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွက် အစိုးရ အပြောင်းအလဲ ကာလတွင် မည်သည့်တိုက်ပွဲကိုမဆို အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် အောက်ခြေတွင် တိုင်းရင်းသားလူမျိုး အချင်းချင်း စိတ်ဝမ်းကွဲစေသည့် သဘောများ ရှိနေသည့်အတွက် စိုးရိမ်ကြောင်းနှင့် လတ်တလော ဖမ်းဆီးသူများကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာဦးတူးဂျာက “စစ်က ကြားကာလမှာ လုံးဝကို မဖြစ်သင့်ဘူး။ အခု အင်တာနက်တွေမှာက ဒေသခံ ရှမ်းနှင့် ကချင်တွေကို ရန်တိုက်ပေးတဲ့ အဖွဲ့တွေ အများကြီး တွေ့နေရတယ်။ စိတ်ဝမ်းကွဲပြီး ပဋိပက္ခတွေ ပေါ်လာမှာကိုလည်း စိုးရိမ်တယ်။ နောက်ပြီး ကျွန်တော်တို့ ပါတီဝင်တွေပြောတာ လူအချို့ကိုလည်း ဖမ်းဆီးမှုတွေ လုပ်သွားတယ်ပြောတယ်။ ဒါတွေလည်း အမြန်ဆုံး ပြန်လွှတ်စေချင်တယ်” ဟု ပြောကြားသည်။ 

Credit To.>>> Eleven Media Group

0 comments:

Post a Comment