5.11.15

ရွေးကောက်ပွဲ ကာလ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက် ချို့ယွင်းမှု မရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် ညွန်ကြားထားဟုဆို

ဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်သည့် MPT၊ တယ်လီနောနှင့် အူရီဒူး ကုမ္ပဏီတို့အား ရွေးကောက်ပွဲ ကာလအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ချို့ယွင်းမှု မရှိအောင် ပြင်ဆင်ဆောင်ရွက်ထားရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“အစ်မတို့အနေနဲ့က ကိုယ်တည်ဆောက်ထားတဲ့ မိုဘိုင်းနက်ဝပ်အတွင်း ဖုန်းလိုင်းတွေရော အင်တာနက်လိုင်းတွေရော ပြတ်တောက်မှု မရှိအောင် အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမှာပါ။ အကယ်၍ စက်ချို့ယွင်းချက်ကြောင့် လိုင်းပြတ်တောက်မှုတွေ ဖြစ်ခဲ့မယ်ဆိုရင် အစ်မတို့သိတာနဲ့ အမြန်ဆုံး ပြုပြင်ပေးသွားမှာပါ။ ပြီးတော့ အင်တာနက်က အစ်မတို့ကိုယ်ပိုင် Gateway တည်ဆောက်ထားတဲ့အတွက် အင်တာနက်လိုင်းနဲ့ ပတ်သက်ပြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမှာပါ” ဟု အူရီဒူးမြန်မာ၏ ပြန်ကြားရေး အကြီးတန်း မန်နေဂျာ မသီရိကြာညိုက ဆိုသည်။
မိုဘိုင်းဖုန်း သုံးစွဲသူများ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
“ရွေးကောက်ပွဲကာလ အတွင်းမှာတော့ အင်တာနက်နဲ့ ဖုန်းခေါ်ဆိုမှုတွေ များပြားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ချက်ပါပဲ။ ဒီလိုအသုံးပြုမှုတွေ များလာတဲ့အခါ မိုဘိုင်းကွန်ရက်အပေါ်မှာ ဖိစီးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကလည်း အသုံးပြုမှု အများဆုံး အချိန်ကို ရောက်လာမှပါ။ တယ်လီနောအနေနဲ့ကတော့ အရင်အတိုင်းပဲ ကွန်ရက်ချိတ်ဆက်မှု ကောင်းမွန်အောင် အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာလည်း အရင်တိုင်းပဲ အကောင်းဆုံး စီမံခန့်ခွဲမှုတွေ ပြုလုပ်သွားမှာပါ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုင်းနဲ့ပြည်နယ် အားလုံးအတွက် စာထွက်ထားပါတယ်။ မိုဘိုင်းဖုန်းလိုင်း၊ ကြိုးဖုန်း၊ ဂြိုဟ်တု၊ ကြေးနန်းစတဲ့ ဆက်သွယ်ရေး စနစ်အားလုံး မပြတ်တောက်အောင်ဆောင် ရွက်ထားဖို့၊ Stand by အနေအထားဖြစ်အောင် ပြင်ဆင်ထားဖို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားထားပါတယ်။ ဆက်သွယ်ရေး လုပ်ငန်းကိုသာမက တယ်လီနောနဲ့ အူရီဒူးတို့ကိုလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင် ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆက်သွယ်ရေး အော်ပရေတာများသို့ ညွှန်ကြားချက်မှာ ယခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏ မြို့ဦးစေတီကွင်းတွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲ ကျင်းပခဲ့သည့် အချိန်တွင် အင်တာနက် ကွန်နက်ရှင်များ ထိုးကျခြင်းနှင့် ဖုန်းဆက်သွယ်ရာတွင် ခေါ်ဆို၍ မရခြင်းများ ဖြစ်ပေါ်ခဲ့သည်။
“ကွင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေတာကို ဖုန်းနဲ့ရိုက်ပြီး facebook မှာတင်တာ ဘယ်လိုမှ တင်လို့ မရဘူး။ မရတော့ ကွန်နက်ရှင်တုံးလေးတွေကို ကြည့်တော့မှ တုံးပါပျောက်နေတာ။ ဖုန်းဆက်တော့လည်း အဆင်မပြေဘူး။ ဟောပြောပွဲ မစခင်က ကွန်နက်ရှင်က တော်တော်ကောင်းနေတာ။ ရွေးကောက်ပွဲရက်ဆို ဘယ်လောက်တောင် ကွန်နက်ရှင်တွေ ကျနေမလဲ ဖုန်းလိုင်းတွေ ကျနေမလဲဆိုတာ စိုးရိမ်စရာပါ” ဟု လှိုင်မြို့နယ်မှ ဟောပြောပွဲ တက်ရောက်ခဲ့သူ ကိုစိုးမိုးက ဆိုသည်။
နိုဝင်ဘာ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကိုကိုးကျွန်းရှိ ပြည်သူများ ဖုန်းဖြင့် မဲဆွယ် ဟောပြောရန်အတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်ရာတွင် ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေခဲ့ပြီး ယင်းသို့ ဖြစ်ပေါ်စေရန်အတွက် ဖုန်းလိုင်းများကို တမင်ဖြတ်တောက် စေခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး လှုပ်ရှားသူ အများစုက သုံးသပ်ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment