22.12.15

တစ်လုံးတစ်ခဲတည်းနိုင်ငံရေးပင်စင်နှင့် လစဉ်ချီးမြှင့်ငွေကို လွှတ်တော်အမတ်များအပြင် အစိုးရအဖွဲ့ဝင်များပါရရှိမည်ဟု သူရဦးရွှေမန်းဆို



တစ်လုံးတစ်ခဲရရှိမည့်နိုင်ငံရေးပင်စင်သာမက လစဉ်ချီးမြှင့်ငွေနှင့်စရိတ်နှင့် အဆောင်အယောင်တို့ကို လွှတ်တော်ကိုယ်စားလှယ်များအပြင် နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်အားလုံးရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

အဆိုပါပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ခန့်အပ်ခံပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန့်အပ်ခံပုဂ္ဂိုလ်များအားလုံးရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကဆိုသည်။

“မီဒီယာတွေနဲ့ကိုယ်စားလှယ်တွေကြား မေးခွန်းတွေရှိလာလို့ခုလိုရှင်းလင်းရတာပါ” ဟု သူရဦးရွှေမန်းကဆိုသည်။

တစ်လုံးတစ်ခဲတည်းသောနိုင်ငံရေးပင်စင်ချီးမြှင့်ငွေသည် လွှတ်တော်ကိုယ်စားလှယ်များသာမက ၂၀၁၁ခုနှစ် ဇန်နဝါရီလမှ ၂၀၁၆ခုနှစ်မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအားလုံးရရှိမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ဥပဒေအမှတ်၂/၂၀၁၁ဖြင့်ထုတ်ပြန်ခဲ့သည့် ပုဒ်မ၂၇ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များသည် ပုဒ်မခွဲ (က)သက်တမ်းကာလအပြည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက မိမိရရှိသည့်လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ ပြည်ထောင်စုအစိုးရကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသောနိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟုဖော်ပြထားကြောင်းလည်း ၎င်းကရှင်းပြသည်။

နိုင်ငံရေးပင်စင်ကိစ္စအသေးစိတ်သိရှိလိုက ဥပဒေများတွင်လေ့လာနိုင်ပြီး ပင်စင်ထုတ်ယူရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment