21.1.16

လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခ ကြိုတင်ငွေဖြည့်ကတ် စနစ် ဇွန်လကုန်တွင် စတင်မည်


မန္တလေး- လာရှိုး- မူဆယ်လမ်း တစ်လျှောက် ကားသေးများ ဖြတ်သန်းခအား
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့်စနစ်ကို ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင်
စတင်သွားမည်ဖြစ်ကြောင်း အဆိုပါ စနစ်အသုံးပြုနိုင်ရေး တာဝန်ယူ
လုပ်ဆောင်နေသည့် Oriental Highway Company Limited မှ သိရှိရသည်။


မန္တလေး- လာရှိုး- မူဆယ်လမ်း တစ်လျှောက် ဖြတ်သန်းခအား ကြိုတင်ငွေဖြည့်
ကတ်ဖြင့် ပေးချေသည့် စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍
လက်ရှိအချိန်ထိ ကားကြီးအစီးရေ ၂၀၀ ခန့်တွင် အသုံးပြုနေပြီ ဖြစ်ကြောင်း
Oriental Highway Company Limited မှ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုထံမှ
သိရသည်။
"အခုလက်ရှိအချိန်ထိ ကားကြီးကတော့ နှစ်ရာနီးပါး အသုံးပြုနေကြပြီး ကားသေး
အတွက်တော့ ဇွန်လကုန်ပိုင်းလောက် မှန်းထားပါတယ်။ ပြင်ဆင်စရာလေးတွေ
ကျန်နေလို့ပါ။ လမ်းဖြတ်သန်းခ ပေးချေရာမှာ မြန်ဆန်လွယ်ကူစေရန် နှင့်
လမ်းဖြတ်ခ နှုန်းထား အတိအကျအတိုင်း အပိုအလိုမရှိ ပေးဆောင်နိုင်မှာပါ။
ကတ်ပေးလိုက်တာနဲ့ ဖြတ်ပိုင်းလေး ထွက်လာပြီး လက်ကျန် ဘယ်လောက်ရှိလဲ
သိနိုင်ပါတယ်" ဟု Oriental Highway Company Limited မှ စီမံကိန်းမန်နေဂျာ
ဦးတင်ကိုကိုက ပြောသည်။
ကြိုတင်ငွေဖြည့်ကတ် ပြုလုပ်ရန် ယာဉ်မောင်းနာမည်၊ ယာဉ်နံပါတ်တို့ဖြင့် လျှောက်
ထားရမည်ဖြစ်ပြီး အနည်းဆုံး ကျပ်ငါးသောင်းသွင်းရန် လိုအပ်ကြောင်း သိရသည်။
အဆိုပါ ကတ်အား အခြားမော်တော်ယာဉ်အတွက် လွှဲပြောင်းအသုံးပြုခွင့်၊ ပေးချေခွင့်
ရရှိမည် မဟုတ်ကြောင်း Oriental Highway Company Limited မှ သိရသည်။
Oriental Highway Company Limited က တာဝန်ယူ ဆောင်ရွက်နေသည့်
မန္တလေး- လားရှိုး- မူဆယ် လမ်းပိုင်း (မန္တလေးမြို့ ထုံးဘိုမှ မူဆယ်အထိ)တွင်
တိုးဂိတ် ၁၄ ခုရှိပြီး မန္တလေးမြို့ (ကျောက်ချောတိုးဂိတ်)၊ ကျောက်မဲမြို့ (ကျောက်မဲ
တိုးဂိတ်)၊ လာရှိုးမြို့ (လာရှိုးမြို့ရှောင်လမ်း တိုးဂိတ်)နှင့် မူဆယ်မြို့ (မူဆယ် ၁၀၅
မိုင် တိုးဂိတ်) တို့တွင် ကတ်အတွင်း ငွေထပ်မံဖြည့်တင်းခြင်းအား ဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း သိရသည်။

Credit To >>> The Ladies News Journal

0 comments:

Post a Comment