10.2.16

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) စတုတ္ထအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

JMC-U ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် ၀န်ထမ်းများ ခန့်အပ်ရန်ကိစ္စ၊ အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကုန်ကျမည့် ဘတ်ဂျက်တွက်ချက်မှုများ၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေးကိစ္စနှင့် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ လျှော့ချရပ်ဆိုင်းရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး (၂) အစိုးရ တပ်မတော်မှ ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က "ကျွန်တော်တို့ JMC အစည်းအဝေး ဒီလထဲမှာ ရှိပါတယ်ဗျ။ ၂၂ ရက်နေ့ပေါ့ ၂၂၊ ၂၃၊ ၂၄ ပေါ့ ရန်ကုန်မြို့ Peace Center မှာ လုပ်မှာပါ။ ဒါက ကျွန်တော်တို့ JMC ရဲ့ ပုံမှန်အစည်းအဝေးပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် အစည်းအဝေးပါ။ အဲဒါလေးပြီးရင်တော့ တနင်္သာရီတိုင်း မြိတ်မှာသွားပြီး JMC သွားဖွဲ့မှာပါ။ တိုင်းဒေသကြီးအဆင့် ဖွဲ့မှာပါ။ အရင်တုန်းက ရှမ်းပြည်နယ် ဖွဲ့ပြီးသွားပြီ။ တပ်မတော်ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ အရပ်သား ကိုယ်စားလှယ်တွေပေါ့ အဲဒီအဖွဲ့တွေနဲ့ ဖွဲ့တာပါ" ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းမှုများ ပြုလုပ်ရမည်ဖြစ်ရာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဇန်န၀ါရီ ၉ ရက်က ရှမ်းပြည်နယ် ခိုလန်မြို့၌ ကျင်းပခဲ့ရာ ကော်မတီကို အစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်ငါးဦး၊ NCA လက်မှတ် ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ကိုယ်စားလှယ် သုံးဦး၊ PNLO မှ ကိုယ်စားလှယ်နှစ်ဦး၊ အရပ်သား ကိုယ်စားလှယ်လေးဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၀ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦးနှင့် အရပ်သား ကိုယ်စားလှယ် ခြောက်ဦး စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များကို Myanmar Peace Center နှင့် အစိုးရတပ်မတော်တို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးတွင် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီလုပ်ငန်းစဉ်များ သုံးနှစ်စာ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျမည်ဟု တွက်ချက်ခဲ့ကြောင်း၊ ထို့နောက် ပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment