10.2.16

လွှတ်တော်ဥက္ကဋ္ဌများအား ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားပြီး ဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယခုအခါ ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်တွင် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်တို့အား ရွေးချယ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များမှာလည်း တစ်ဦးမှ ကန့်ကွက်ခြင်း မရှိဘဲ ထောက်ခံခဲ့ကြကြောင်း သိရသည်။

“ဦးဝင်းမြင့်ကို ရွေးချယ်ရတဲ့ အကြောင်းကတော့ ပါတီမှာလည်း ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ လွှတ်တော်ထဲမှာလည်း သုံးနှစ်အတွင်းမှာ လွှတ်တော်အလုပ်များကို ကျွမ်းကျင်စွာ လုပ်နိုင်ခဲ့တဲ့အတွက် ရွေးချယ်ခဲ့တာပါ။ ဦးတီခွန်မြတ်ကိုကျတော့ လွှတ်တော်ထဲမှာ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့တာက ပြည်ခိုင်ဖြိုးပါတီပါ။ ဒီတော့ ပြည်ခိုင်ဖြိုးပါတီက တစ်ယောက်လည်း ဖြစ်စေချင်တယ်။ ပြီးတော့ တိုင်းရင်းသားထဲကလည်း ဖြစ်စေချင်တာကြောင့် ဦးတီခွန်မြတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ဦးမန်းဝင်းခိုင်သန်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းက သူကအဖွဲ့ချုပ်မှာလည်း သစ္စာရှိရှိနဲ့ လုပ်တဲ့သူလည်းဖြစ်သလို တိုင်းရင်းသားလည်းဖြစ်တယ်။ ဥပဒေပညာရှင်လည်းဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာလည်း အားကောင်းတယ်။ ဒါကြောင့် သူ့ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့တာပါ။ ဦးအေးသာအောင်ကိုကျတော့ ကျွန်မတို့ပါတီနဲ့ ဟိုနှစ်ပေါင်းများစွာ ကတည်းက လက်တွဲခဲ့တာပါ။ ပြီးတော့ ကျွန်မတို့ ပါတီကို တိုင်းရင်းသားပါတီတွေကလည်း ၀န်းရံပေးထားတဲ့ အတွက် မဟာမိတ် ပါတီတွေ ဖြစ်တာကြောင့် ဦးအေးသာအောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိမိအနေဖြင့် ယခုလို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်ရာတွင် လွှတ်တော်အတွင်းသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှာ ကန့်ကွက်ခြင်း မရှိသည့်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း နောင် လွှတ်တော်တွင်လည်း အားလုံးပူးပေါင်း၍ ကြိုးကြိုးစားစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

Credit To >>> Tomorrow News

0 comments:

Post a Comment