9.2.16

ကော်ဖီမစ်ထုတ်စက်ရုံများကို ရှောင်တခင်စစ်ဆေး

ရန်ကုန်မြို့တွင် အသင့်သောက် ကော်ဖီထုပ်များထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့များ ထည့်သွင်းသည်ဟု သတင်းအချို့ထွက်ပေါ်နေခြင်းကြောင့် ကော်ဖီစက်ရုံများသို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး နှစ်ပတ်အတွင်း သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသည့် အသင့်သောက် ကော်ဖီထုပ်များအတွင်း မန်ကျည်းစေ့၊ အုန်းမှုတ်ခွံများ ရောနှောထုတ်လုပ်နေသဖြင့် ကျန်းမာရေး အန္တရာယ်ရှိသည်ဟု သံသယရှိသောကြောင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန FDA နှင့် စည်ပင်သာယာရေး ကော်မတီတို့က ရန်ကုန်မြို့ရှိကော်ဖီထုတ်လုပ်ရာစက်ရုံ ၁၂ ခုသို့ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။
Super, Premier, Sunday,Pop Pop စသည့် ပြည်တွင်းမှ နာမည်ကြီး ကော်ဖီတံဆိပ်များအ ပြင် အခြားကော်ဖီထုတ်လုပ်ရာ လုပ်ငန်းများကို ဖေဖော်ဝါရီ ၆ ရက်က ရှောင်တခင်စစ်ဆေးခဲ့ ကြောင်း FDA ဌာန တာဝန်ရှိသူက ပြောသည်။
ကော်ဖီထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းများ စံ ချိန်ညီမညီနှင့် အခြားအရောအ နှောများ ပါဝင်မှုရှိ၊ မရှိ စစ်ဆေးရန် နမူနာပစ္စည်းများ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း FDA မှရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဒေါက်တာဇင်ဇင်နွယ်က ပြောကြားသည်။
‘‘ကော်ဖီထုတ်တဲ့ စက်မှုဇုန် တွေ စက်ရုံအကုန်လုံးနီးပါးဆီက နမူနာတွေကောက်ယူစစ်ဆေးခဲ့ ပါတယ်။ အရောအနှောတွေအ နေနဲ့ကတော့ အုန်းမှုတ်ခွံတို့၊ မန် ကျည်းစေ့တို့ဆိုတာတော့ မဟုတ် လောက်ဘူး။ တခြားအရောအ နှောတွေပါလည်းပါနိုင်တယ်’’ဟု ၎င်းက ဆိုသည်။
‘‘အုန်းမှုတ်ခွံတွေ ထည့်ကြိတ် တယ်။ စားအုန်းဆီဖတ်တွေပါ တယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ကျွန်တော်တို့ အ သင့်ဖျော် ကော်ဖီထုပ်တွေမှာပျော် ၀င်နိုင်တဲ့ ကော်ဖီမှုန့်၊ သကြား၊အဆီမပါတဲ့ နို့မှုန့်တွေနဲ့ လွယ်လွယ်ကူကူ ထုတ်နိုင်ပါတယ်။အုန်းမှုတ်ခွံရောစရာကို မလိုပါဘူး။ ပြည်တွင်းကထွက်တဲ့ ကော်ဖီစေ့တွေကလည်း မရှားပါဘူး’’ဟု ကော်ဖီစက်ရုံတစ်ရုံမှ ထုတ်လုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ပြည်တွင်း ကော်ဖီတွေမှာ သကြားဓာတ်ကိုလည်း ပိုပြီးစိစစ် သင့်တယ်ထင်တယ်။ ဘာကြောင့် လဲဆိုတော့ ကော်ဖီတစ်ခါသောက်ပြီး ချောင်းဆိုးတာမျိုးတွေရှိလို့ပါ။ စိစစ်ပြီးတော့ ကြေညာရင်တော့ ဘယ်ဟာရှောင်ရမလဲ သိနိုင်ပြီ’’ဟု လှိုင်သာယာမြို့နယ်နေ ဆုံမှတ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုထွန်းငွေကပြောသည်။
ကော်ဖီမစ်ထုတ်စက်ရုံများ မှ ရယူလာသော နမူနာပစ္စည်းများ စစ်ဆေးနေဆဲဖြစ်ပြီး သောက်သုံး ရန်မသင့်သည့် တံဆိပ်များပါရှိက နှစ်ပတ်အတွင်း ကြေညာပေးမည် ဖြစ်သည်။ ထို့အပြင် သောက်သုံး ရန်မသင့်သော ကော်ဖီမစ်များတွေ့ပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ရန်ကုန်မြို့တွင် ကော်ဖီထုတ်လုပ်သည့် စက်ရုံပေါင်းမှာယခုစစ်ဆေးခဲ့သည့် ၁၂ရုံသာရှိပြီး ကော်ဖီတံဆိပ်ပေါင်းအမျိုး၆၀ ကျော်ရှိသည်ဟု FDA မှ သတင်းရရှိသည်။
အသင့်သောက် ကော်ဖီ ထုတ်များထဲတွင် အုန်းမှုတ်ခွံ၊ မန် ကျည်းစေ့များနှင့် စားအုန်းဆီ ကြိတ်ဖတ်များပါဝင်နေကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌဦးဗအုပ်ခိုင်က ၂၀၁၅ နိုဝင် ဘာတွင် ပြောကြားခဲ့ပြီး အသင့်သောက်ကော်ဖီများကို လျှော့ သောက်ကြရန် သတိပေးခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment