18.3.16

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုခိုးထုတ်မှုများ ဆက်လက်ဖြစ်ပေါ်နေ


ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုခိုးထုတ်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သစ်မှောင်ခိုယာဉ် မောင်းသူများနှင့် ဗန်းမော်ခရိုင် အောက်ချောင်းဒေသခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။


ယင်းသစ်မှောင်ခိုတင်ပို့မှုမှာ ဖော်ဖော်ဝါရီလဆန်းနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ်များက တပ်မတော်နှင့် ကေအိုင်အေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အောက်ချောင်းဒေသတွင် ပိတ်နေသော ထောင်နှင့်ချီသည့် သစ်များမှာ တရုတ်နိုင်ငံဘက်သို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း၊ သစ်မှောင်ခိုလုပ်ငန်းမှာ မတ်လအတွင်း ပိုများလာကြောင်း ဒေသခံများကပြောကြားသည်။

ဗန်းမော်မြို့မှ သစ်မှောင်ခို ယာဉ်မောင်းသူများနှင့် အောက်ချောင်းဒေသခံများက “ကျွန်တော်တို့သိတာက တစ်လလောက်ကြာပြီ။ မနှစ်တုန်းက အောက်ချောင်းဒေသမှာ တိုက်ပွဲကြောင့် ကျန်ခဲ့တဲ့သစ်တွေကို သယ်တာ။ အခုတော့အများကြီး စည်ကားနေပါပြီ။ ငြိမ်တော့မငြိမ်ဘူး။ မိုးမိတ်၊ မဘိန်းနယ် မြစ်ဆုံဒေသကထွက်တဲ့ သစ်တွေကို ရွှေလီမြစ်အတိုင်း ဆန်တက်သွားတာပါ။ မြစ်ဆုံ-မိုးလို-မန်တုံ-မုံးဝီး-နန့်ခမ်းလမ်းကနေ တရုတ်နိုင်ငံ နောင်တောင်းမြို့ကို သယ်တယ်။ မတ်လပထမပတ် ကုန်ခါနီးက မိုးမိတ်နဲ့လေးမိုင်လောက်ဝေးတဲ့ သရက်ချို၊ စဉ်ကင်ကျေးရွာနားမှာ တိုက်ပွဲတောင် ဖြစ်သေးတယ်။ ပလောင်တပ်နှင့် ရှမ်းတပ်တွေလည်းရှိတယ်။ ကေအိုင်အေလည်း လမ်းကြောင်းမှာရှိတယ်။ သစ်တွေက အဲဒီကနေ ရေပုံး-တုံးကြီးကို ဖြတ်လို့လေ။ သစ်မှောင်ခိုဖြစ်ရင် စစ်တော့ဖြစ်မှာလို့ပဲ ပြောနေကြတယ်။ ရေပုံး-တုံးကြီးက ထွက်ရင် လွယ်ယားရောက်တယ်။ လွယ်ယားက မန်တုံဘက်ပေါက်တယ်။ သစ်လုပ်ငန်းဖြစ်လို့ စစ်ဖြစ်တယ်လို့ပဲ အဲဒီဘက်မှာ ပြောနေကြတာ။ တရုတ်ကုန်သည်ကြီးတွေ မလာပါဘူး။ကိုယ်စားလှယ်တွေပဲ။ မဘိန်း-ခေါတော-ရမ်းပူ-ကွန်း ချောင်း-မအူကုန်း-မဲဇလီ ရွှေလီမြစ်ဘေးရွာ တွေကနေ နန့်တောင်းဘက်ထွက်တဲ့လမ်း။ စစ်ကိုင်းတိုင်း ကသာနယ်၊ ဗန်းမောက်၊ ထီးချိုင့်၊ မြတောင်၊ ကောလင်း၊ ၀န်းသိုနယ်က သစ်တွေလည်း ရောက်လာတာပဲ ။ ဧရာဝတီကိုဖြတ် ရွှေလီကို ပေါ်တွန်း (မြစ်ကူးဇက်) နဲ့ ကူးကြတာ။ ရှမ်းနဲ့ စစ်ကိုင်းတိုင်းအစပ်က လောင်းတော်ဦးဘုရားနားမှာ ကူးရတာ။ ထီးချိုင့်၊ မြတောင်ဘက်က ကုန်းလမ်းက ပဟဲ၊ မလှိုင်ကုန်းဘက်ထွက်တဲ့ ကုန်းလမ်းလည်း ရှိတယ်။ မဘိမ်းမြို့နယ် ပင်ကြိမ်ရွာ -စီပိန်းရွာ - တုံဟုံ ရွာ - စအူရွာ ကချင်ပြည်နယ် မံစီမြို့နယ် နန့်ဟန်ရွာ -ကောင်လွင်ရွာ- စည်ခမ်းကြီးရွာ -စီသော်-သံတံတား-မန်သာ-မိုင်းခေါင်-မဂျီဂုံ -ဂိုက်ထိပ်လမ်းမှ  တရုတ်နိုင်ငံ နောင်တောင်း မြို့ကို ပို့တာလမ်းမှာ ကွင်းလမ်းအများကြီး ရှိတာ။ အခုတော့ လမ်းတစ်လျှောက်လုံး စည်နေပါပြီ။ လမ်းပိုင်းကတော့ ငွေကြိုပေးပြီး ကွင်းမောင်းရတာ။ ကြားမှာ ဖားလာရိုက် (ငွေလာတောင်း) ရင်လည်း ပေးရတာတွေရှိတယ်။ ကျွန်းသစ်များတယ်။ သံမလန်းက ရှားသွားပြီ" ဟု ပြောကြားသည်။

ကချင်ပြည်နယ် သစ်တောနှင့် သတ္တု တွင်းဝန်ကြီး ဦးအောင်နိုင်က ယခုဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို မသိရှိသေးကြောင်း၊ လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း သစ်တန်ပေါင်း ၂၃၀၀၀ ကျော် ဖမ်းဆီးမိခဲ့ကြောင်း၊ ကချင်ပြည်နယ် အစိုးရအနေဖြင့် နယ်မြေလုံခြုံရေးအနေအထားကြောင့် သစ်မှောင်ခိုကိစ္စရပ်များကို ထိန်းသိမ်းနိုင်ခြင်းမရှိသေးကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် သစ်တောနှင့် သတ္တု တွင်းဝန်ကြီး ဦးအောင်နိုင်က “ကျွန်တော်ကတော့ အခုသစ်ခိုးထုတ်နေတဲ့အကြောင်းကို မသိသေးပါဘူး။ နယ်မြေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့် ထိန်းသိမ်းလို့လည်း မရနိုင်ဘူး။ နယ်မြေမစိုးမိုးတဲ့နယ်မြေကို လမ်းကြောင်းပေါင်းစုံက ထွက်လာတာလေ။ အဲဒီကနေ တစ်ဖက်နိုင်ငံကို ထွက်တော့လည်း ထိန်းရခက်တာပေါ့။  ကချင်ပြည်နယ်အတွင်းက ဗန်းမော်ခရိုင်အတွင်းက သစ်တောတွေကတော့ သစ်မှောင်ခိုလုပ်ငန်းကြောင့် ထိခိုက်သွားတာ ရှိပါတယ်။ အောက်ခြေလုပ်ငန်းမသမာမှုတွေလည်း ရှိနိုင်တာပဲ။ မသိနိုင်ဘူးလေ။ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း သစ်မှောင်ခိုလုပ်ငန်းတွေလည်း ဆွေးနွေးသင့်တာပေါ့။ ဒေသခံတွေလည်း စားဝတ်နေရေးအတွက် အားလုံးပါဝင်နေကြတာပဲ။ ဒါနဲ့ဆက်စပ်ပြီး မြို့ထဲမှာတောင် မူးယစ်ဆေးဝါးကိစ္စက သစ်လုပ်ငန်း၊ သတ္တုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးရှိနေမှာပဲ။ လူကုန်ကူးမှုတွေလည်း နောက်ဆက်တွဲတွေဖြစ်နိုင်တာပဲ။ အောက်ခြေကို ဆင်းလို့မရတော့ မသိရဘူးလေ။ ထိန်းသိမ်းဖို့တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အများကြီးလိုပါသေးတယ်”ဟု ပြောကြားသည်။

ဗန်းမော်ခရိုင်အတွင်း  နှစ်စဉ် သစ်မှောင်ခိုလုပ်ငန်းများနှင့် ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခိုဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၀န်ထမ်းအရာရှိများ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့်စစ်ဆေးမှုမှ လုပ်ခဲ့သည်ကို မတွေ့ရပေ။

ကချင်ပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မှောင်ခိုပို့သည့် သစ်များမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းဒေသမှ သံမလန်း ၊ ကျွန်း သစ်၊ ရေမနေ၊ ပိတောက်နှင့် အခြားသော အဖိုးတန်သစ်များဖြစ်ပြီး နယ်မြေ အေးချမ်းသောဒေသမှ နယ်မြေမအေးချမ်းသောဒေသသို့ သွားရောက်သည့်အတွက် ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆိုတင်ခဲ့ကြောင်း ဗန်းမော်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က အဆိုတင်ခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပွင့်လင်းရာသီရောက်တိုင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ် မေလအတွင်း တပ်မတော်က လေယာဉ်အသုံးပြု တိုက်ခိုက်ပစ်ခတ်မှုများပါ ရက်ဆက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံ သစ်ခိုးထုတ်မှောင်ခိုဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တီးမြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ၁၅၅ ဦး၊ ကား အစီးရေ ၄၀၀ ကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်းသူဌေးများကိုမူ ဖမ်းမိခဲ့ခြင်းမရှိပေ။ ယင်းတရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက-၃ ဖြင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း မြစ်ကြီးနားအကျဉ်းထောင်အတွင်း ရှစ်ရက်ကြာ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ သစ် ၁၁၉၂၉၈ ဒသမ ၆၅၅ တန် (တန် တစ်သိန်း တစ်သောင်းကျော်) ဖမ်းဆီးရမိခဲ့ပြီး နယ်မြေမအေးချမ်းစဉ် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ကာလတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုအလွန်အကျွံ တင်သွင်းခဲ့ကြောင်း သိရသည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment