18.3.16

သင်္ကြန်ကာလ အရက်၊ဘီယာ ရောင်းချသူများကို ထောင်ဒဏ် ၂ နှစ် ချမည်

သင်္ကြန်ကာလတွင် အရက်သေစာ သောက်စားမူးယစ်ရာမှ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်မှုအပြင် အခြားမှုခင်းများ နှစ်စဉ် ဖြစ်ပွားခဲ့သောကြောင့် ယခုနှစ် သင်္ကြန်ရက်များတွင် အရက်ဘီယာများ တရားမဝင် ရောင်းချသူများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“သင်္ကြန်မှာ နှစ်တိုင်း အရက်ဘီယာ တရားမဝင် ရောင်းသူတွေကို ဖမ်းဆီးအရေးယူပြီး ငွေဒဏ် ထောင်ဒဏ်တွေ အမိန့်ချခဲ့တယ်၊ ဒီနှစ်မှာတော့ ယစ်မျိုးဥပေသစ်အရ တရားမဝင် အရက်ဘီယာ ရောင်းချရင် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ အမိန့်ချခံရမယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
နှစ်စဉ် သင်္ကြန်ရက်များတွင် လူစည်ကားရာ နေရာများနှင့် မဏ္ဍပ်များအနီးတွင် အရက်၊ ဘီယာများကို တရားမဝင် ရောင်းချမှုများ ရှိခဲ့ပြီး ရေကစားသူများမှ အရက်သေစာ သောက်စားကာ အပျော်အပါး လွန်ကဲရာမှ ခိုက်ရန်ဖြစ်မှုနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သောကြောင့် မတ်လ နောက်ဆုံးပတ်မှ စတင်ကာ မြို့နယ်အနှံ့ သင်္ကြန်မတိုင်ခင် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
“ယခင် ယစ်မျိုးဥပဒေအရ တရားမဝင် အရက်၊ဘီယာရောင်းချသူကို ထောင်ဒဏ် ၆ လ၊ ဒါမှမဟုတ် ဒဏ်ငွေ တစ်ထောင်၊ ဒါမှမဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် တပေါင်းတည်း အမိန့်ချပေမယ့် ၂ဝ၁၅ ခုနှစ်က ရေးဆွဲခဲ့တဲ့ ယစ်မျိုးဥပဒေ အသစ်အရ တရားမဝင် အရက်ဘီယာ ရောင်းချသူကို ယစ်မျိုးဥပဒေ ပုဒ်မ ၃ဝ အရ အနိမ်ဆုံး ထောင်ဒဏ် ၆ လ မှ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ အမိန့်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်၊ ငွေဒဏ်က တစ်သိန်း မှ နှစ်သိန်းအထိ ဖြစ်တယ်”ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောကြားသည်။
၂ဝ၁၅ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယစ်မျိုးဥပဒေဖြင့် လူ ၃ဝဝ ကျော် အရေးယူခံရပြီး လက်နက်ပုန်း ဖမ်းဆီးမှု ၁၆ မှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ၄ မှု၊ ခိုးမှု ၁၃ မှု၊ ပြည့်တန်ဆာမှု ၄ မှုနှင့် မူးယစ်ရမ်းကားမှု ၁၉၂ မှုတို့ကို အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
ယခုနှစ် သင်္ကြန်တွင် အရက်ဘီယာများအပြင် အခြားမူးယစ်ဆေးဝါးများ သုံးစွဲမှု မရှိစေရေးနှင့် သရုပ်ပျက် ဝတ်စားဆင်ယင် ဖျော်ဖြေမှုများ မပြုလုပ်နိုင်ရေးအတွက် ရေကစားမဏ္ဍပ်များ၌ CCTV ကင်မရာများ တပ်ဆင်ကာ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့များဖြင့် နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ရေကစား မဏ္ဍပ်များတွင် မလိုအပ်သည့် အခန်းများ မဖွဲ့ရန် ညွှန်ကြားမည်ဖြစ်ပြီး လိုက်နာမှု မရှိသည့် မဏ္ဍပ်များကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment