30.3.16

နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်မှုအပေါ် ကြိုဆိုကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ် ထုတ်ပြန်

(၃၁) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် ဆုံးဖြတ်ခဲ့သည်များကို ကြိုဆိုကြောင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဖွဲ့ဝင်အဖွဲ့ အစည်းပေါင်း ၅၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ဘန်ကောက် အခြေစိုက်ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ် (ဖိုရမ်အေးရှား) က မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေး အရာရှိ၏ သက်တမ်းတစ်နှစ်ထပ်တိုးရန် ကောင်စီမှ ဆုံးဖြတ်သည့်အပေါ် ဖိုရမ်အေးရှားမှ အလွန်အားတက်မိပြီး ဆုံးဖြတ်ချက်အရ အထူး စုံစမ်းစစ်ဆေးရေး အရာရှိသည် (ကုလသမဂ္ဂ၏) အကြံပြုချက်များအပေါ် မြန်မာအစိုးရ၏ အကောင်အထည်ဖော်မှုကို တိုင်းတာရန်နှင့် အစိုးရနှင့် လက်တွဲလုပ်ဆောင်ကာ တိုးတက်မှုများ တိုင်းတာသည့် ညွှန်းကိန်းများနှင့် အကူအညီပေးရန်အတွက် ဦးစားပေး လုပ်ငန်းများကို သတ်မှတ်ရန် တာဝန်ပေး အပ်ခြင်းခံခဲ့ရသည်။ ထို့ပြင် အစိုးရ တပ်မတော် အပါအ၀င် နိုင်ငံတော် အဖွဲ့အစည်းများ အားလုံးအား အရပ်သား အစိုးရ လက်အောက်သို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုမိုခိုင်မာလာအောင် သက်ဆိုင်သူများ အားလုံးမှ ၀ိုင်းဝန်းဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်ထဲတွင် တိုက်တွန်းထားသည်။ အထူးစုံစမ်း စစ်ဆေးရေး အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အစည်းအဝေး အစီအစဉ် အမှတ်စဉ် (၁၀) အောက်သို့ရွှေ့ကာ နည်းပညာ အကူအညီပေးရေး အဆင့်သို့ ကန့်သတ်လျှော့ချရန် ဆန့်ကျင်ဘက် ကြိုးစားခဲ့သော နိုင်ငံအချို့ရှိခဲ့သော်လည်း ကောင်စီဆုံးဖြတ်ချက်အရ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို စိုးရိမ်ဖွယ် အခြေအနေများနှင့် သက်ဆိုင်သော အစည်းအဝေး အစီအစဉ် အမှတ်စဉ် (၄) အောက်တွင်သာ ဆက်လက် ရှိနေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“သိသာတဲ့ အချက်တွေ အနေနဲ့ ဆုံးဖြတ်ချက်ထဲမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက် ဖော်ပြထားပြီး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ယန္တရားတွေ ပိုမိုခိုင်မာလာအောင် ဆက်လက်ဆောင်ရွက်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအ၀င် ဥပဒေတွေကို ပြန်လည် သုံးသပ်တာတွေ၊ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက ကောင်စီ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်လို နိုင်ငံတော် အဖွဲ့အစည်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားတာ မရှိပါဘူး။ အဲဒီအစား လူ့အခွင့်အရေး ကော်မရှင်ဘက်က ထိထိရောက်ရောက် ပါဝင်ကူညီနိုင်အောင် လိုအပ်တဲ့ စွမ်းရည်မြှင့်တင်မှုတွေ နည်းပညာ အကူအညီတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပေးဖို့ တောင်းဆိုထားတာပဲ ရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီးနောက် တစ်နှစ်အတွင်းမှာ ပါရီအခြေခံမူတွေနဲ့  ကိုက်ညီမှုရှိလာအောင် လုပ်ဆောင်သင့်ပါတယ်” ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့တာဝန်ခံ ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဖိုရမ်အေးရှားသည် တိုးတက်မှုများအား တိုင်းတာသည့် ညွှန်းကိန်းများကို သတ်မှတ်ရန် အထူးစုံစမ်းစစ်ဆေးရေး အရာရှိအား မြန်မာအစိုးရနှင့် လက်တွဲလုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်းကို ကြိုဆိုပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment