30.3.16

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ၀င်ရောက်ရန် လျှောက်ထားသည့် တိုင်းရင်းသား ပါတီ ခုနစ်ပါတီအထိ ရှိလာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ၀င်ရောက်ရန် လျှောက်ထားသည့် တိုင်းရင်းသားပါတီ ခုနစ်ပါတီအထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
UNA အဖွဲ့သို့ ၀င်ရောက်နိုင်ရန်အတွက် ရခိုင် မျိုးချစ်ပါတီ၊ ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ မြို အမျိုးသားပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ ဓနုတိုင်းရင်းသား တိုးတက်ရေး ပါတီ၊ မြို ဒီမိုကရေစီ ပါတီတို့က ကနဦး လျှောက်ထားခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင် ချင်း တိုးတက်ရေး ပါတီကလည်း မတ် ၁၆ ရက်တွင် UNA အဖွဲ့သို့ ၀င်ရောက်ရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

ပါတီ အချို့မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီက UNA သို့ ၀င်ရောက်ရန် အလွတ်သဘော ပြောကြားမှု ရှိခဲ့သော်လည်း ရွေးကောက်ပွဲ အပြီးတွင်မူ စာဖြင့် တရားဝင် ကမ်းလှမ်းမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက “အခုက တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်ဖို့တွေ လိုလာပြီ။ အရင်ကတည်းက ကျွန်တော်တို့ အ၀င်အထွက် အများဆုံး ရှိတာက UNA ပဲပေါ့။ မှတ်ပုံ မတင်သေးတော့ ကျွန်တော်တို့ မဟာမိတ် မ၀င်ဖြစ်တဲ့ သဘောပေါ့။ အခုမှ အဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းထားတာပေါ့နော်။ အစကတည်းက ကျွန်တော်တို့ UNA နဲ့က ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ ပြန်အကြောင်းကြားချက်အရ လောလောဆယ်ကတော့ ကယားနဲ့ ရခိုင်နဲ့က ကျွန်တော်တို့ကို ထောက်ခံတယ်လို့တော့ သိရပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် UNA အနေဖြင့် လျှောက်ထားသည့် တိုင်းရင်းသား ပါတီများ အဖွဲ့၏ ဖွဲ့စည်းပုံနှင့် မူဝါဒများအား လက်ခံနိုင်ခြင်း ရှိ၊ မရှိ သုံးသပ်နိုင်ရန်အတွက် ပေးပို့ထားကြောင်းနှင့် အဖွဲ့ဝင်ပါတီသစ် လက်ခံရေး အတွက်မူ အစိုးရဖွဲ့စည်းပြီး နောက်ပိုင်းပြုလုပ်မည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA သဘာပတိ အစည်းအဝေးမှသာ ဆုံးဖြတ်ရန် ရှိကြောင်း UNA အတွင်းရေးမှူး အဖွဲ့မှ သိရသည်။

အဖွဲ့ဝင် လျှောက်ထားသည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာကလည်း မိမိတို့ပါတီ အနေဖြင့် UNA ဖွဲ့စည်းပုံများအား လက်ခံသည်ဟု အကြောင်းပြန်ထားပြီး အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမည့်အချိန် စောင့်ဆိုင်းနေကြောင်း ပြောကြားသည်။

UNA အတွင်းရေးမှူး အဖွဲ့မှ ဦးမျိုးကျော်က “UNA ရဲ့ ဖွဲ့စည်းပုံကို အပြီးမသတ်နိုင်သေးတဲ့အတွက် ကျွန်တော်တို့ သူတို့ကို စောင့်ခိုင်းထားတဲ့ သဘောပါ။ ဘာဖြစ်လို့လဲဆိုတော့ UNA မှာက မူလက လေးပါတီနဲ့ နောက်တိုးတဲ့ ရှစ်ပါတီဆိုပြီး ရှိတယ်ပေါ့။ အဲဒီ ရှစ်ဖွဲ့က အဲဒါကို ဖွဲ့စည်းပုံကို ရေးနေတာ ရှိတယ်။ ရေးပြီးတော့ အဖွဲ့ဝင် အသီးသီးကို ဘယ်လို လက်ခံမလဲ ဆိုတာကို လုပ်နေတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မတိုင်မီကပင် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ခဲ့တယ်။ UNA အနေနဲ့ ဖွဲ့စည်းပုံ ခိုင်ခိုင်မာမာ ရှိမှ တိုင်းရင်းသား အရေးကို အဖွဲ့ဝင် အသစ်တွေနဲ့ ပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်ဆောင်သွားနိုင်မယ် ဆိုတာကို ကျွန်တော်တို့ ပြောင်းရေးလိုက်ပါတယ်။ အခုတော့ ဒီ Chapter ကို ရေးဆွဲပြီးလို့ အသစ်ဝင်မယ့် ပါတီတွေကိုလည်း လက်ဆင့်ကမ်းထားတယ်။ ဒီမူကို လက်ခံရင်တော့ ဒီ UNA ထဲမှာ ရှိတဲ့ ပါတီတွေကလည်း လက်ခံမယ်။ သဘောတူမယ် ဆိုရင် ကျွန်တော်တို့ UNA အဖွဲ့ဝင်အဖြစ် သူတို့ အဖွဲ့ဝင်တွေ ဖြစ်လာမှာပေါ့” ဟု ပြောကြားသည်။

UNA ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည်။

UNA တွင် တိုင်းရင်းသား ပါတီ ရှစ်ပါတီ ပါဝင်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင်အမျိုးသား ပါတီတို့ ဖြစ်သည်။

UNA အဖွဲ့ဝင် ပါတီများ အနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် မွန်အမျိုးသား ပါတီတို့က ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် အနိုင် ရရှိခဲ့သည်။ UNA သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကောင်းမွန်သည့် မဟာမိတ် ဆက်ဆံရေးရှိသော အဖွဲ့အစည်းလည်း ဖြစ်သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment