30.3.16

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညီညွတ်မှုရှိစေရန် နည်းလမ်းတစ်ခုခုဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြား

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညီညွတ်မှုရှိစေရန် နည်းလမ်းတစ်ခုခုဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် KNU အပေါ် သုံးသပ်မှု၊ ရပ်တည်မှုများ၌ အနည်းငယ် ကွဲလွဲမှု ရှိနေသော်လည်း တိုင်းရင်းသား အချင်းချင်းအကြား ညီညွတ်မှုက အရေးကြီးသည် ဆိုသည်ကို အဖွဲ့အားလုံးက လက်ခံကြောင်း၊ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဖွဲ့အားလုံး ပါဝင်ရေး နည်းလမ်းရှာရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပဒိုစောကွယ်ထူးဝင်းက "ကျွန်တော်တို့က စည်းလုံးညီညွတ်မှုတော့ လိုချင်ကြတယ်၊ ဆောင်ရွက်ကြမယ်ဆိုတဲ့ အနေအထားမှာ လက်ရှိနိုင်ငံရေး အခြေအနေပေါ်မှာလည်း မူတည်တယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့ အစိုးရ ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာလည်း အမြင်ကလည်း နည်းနည်းမတူတဲ့ အပေါ်မှာ အခြေခံပြီး ဒီလိုဖြစ်တာကိုး။ NLD အစိုးရ NLD ပါတီရဲ့ ဥက္ကဋ္ဌကိုယ်တိုင်က ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးတဲ့ နေရာမှာ ပြည်တွင်းသက်သေအဖြစ် ကျွန်တော်တို့ တောင်းဆိုခဲ့တာ သူ့အနေနဲ့ လက်မှတ်မထိုးတာကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ ကွဲပြားမှုတွေ မဖြစ်စေချင်လို့ ဖြစ်မှာစိုးလို့ လက်မှတ်မရေး ထိုးတာကိုး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ညီညွတ်မှုရှိအောင် သူက တစ်နည်း တစ်လမ်းနဲ့ ဆောင်ရွက်မယ်လို့ မျှော်လင့်တာပေါ့။ အဲဒီလိုလည်း ဆန္ဒရှိမယ်လို့လည်း မြင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံက အေးချမ်းမှာကိုး" ဟု ပြောကြားသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မထိုးရသေးသည့် အဖွဲ့များအကြား အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တို့ မတ် ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း အဖြေမရခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကိုယ်စားလှယ်အဖွဲ့ (DEU) နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းက "အခုက တိုင်းပြည်မှာ အရေးကြီးတဲ့ အချိန်အခါ ဖြစ်နေပါတယ်။ အစိုးရသစ်လည်း မကြာခင် အာဏာယူပြီးတော့မှ တိုင်းပြည်ကို ဦးဆောင်မယ့် အချိန်ဖြစ်တယ်။ အဲဒီမှာ ပြည်တွင်းငြိမ်းချမ်းရေးက အင်မတန်မှ အရေးကြီးတာ ဖြစ်တဲ့အတွက် သမ္မတကြီး ဦးထင်ကျော်နဲ့တကွ NLD အစိုးရကနေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးစားပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တပ်မတော်အရာရှိများ တပ်မတော် ဘက်ကလည်းပဲ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်" ဟု ပြောကြားသည်။
NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေသွားရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းက "သူတို့ အနေနဲ့ NCA ကို ဘယ်လိုပြန်ချဉ်းကပ်မလဲ။ သို့မဟုတ် NCA ကို လက်မှတ်မထိုးဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာပါတဲ့ နည်းလမ်းတွေရှိမလား စသည်အားဖြင့် စဉ်းစားနေကြမှာပေါ့။ ကျွန်တော် တစ်ဦးတည်း အမြင်ကတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကလည်း NLD နဲ့ ကျွန်တော်တို့ နဂိုကတည်းက သဘောတူထားတဲ့အတိုင်း ပြုလွယ် ပြင်လွယ်ဖြစ်အောင် ကျွန်တော်တို့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒါကလည်း လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ပြန်လည်ပူးပေါင်း ပါဝင်နိုင်ရေးအတွက် လမ်းဖွင့်တဲ့ သဘောလည်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လက်မှတ် ထိုးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ KNU၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ်ဦး (ALP) တို့ ဖြစ်သည်။
NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များမှာ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)၊ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ '၀' အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment