7.3.16

သက်တမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းများ လဲလှယ်ရန် အသုံးစရိတ် လိုအပ်နေ

 
ရန်ကုန်မြို့တွင် သွယ်တန်းထား သည့် သက်တမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ လဲလှယ်နိုင်ရေး အသုံး စရိတ်များ လိုအပ်နေကြောင်း မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သတင်း ရရှိသည်။

‘‘ကြံ့ခိုင်မှုနည်းတဲ့ ပိုက်လိုင်းတွေ လဲ လှယ်ဖို့ဆိုတာက သက်ဆိုင်ရာ အင်ဂျင် နီယာတွေရဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ဘတ် ဂျက်ရရှိအောင် တောင်းတာမျိုး စတဲ့ တင် ပြမှုတွေ အဆင့်ဆင့်လုပ်ရမယ်။ သက်တမ်းကျော်ပြီး ကြံ့ခိုင်မှုနည်းမယ်၊ အစားမထိုးနိုင်သေးဘူး ဆိုရင်တော့ ဂက်စ်ပိုက်ပေါက်တာမျိုးတော့ ရှိနေနိုင်သေးတယ်’’ ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကမ်းလွန်ရေနံအခြေစိုက်စခန်း အောက်မြန်မာပြည်ရုံး တာဝန်ခံ ဦးလှဝင်းဌေးကပြောသည်။
ရန်ကုန်မြို့သို့ ချိတ်ဆက်သွယ်တန်းထားသည့် ပိုက်လိုင်းအများစုမှာ ၁၉၉၀ ရှေ့ပိုင်းကတည်းက အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ၎င်းတို့၏ သက်တမ်းမှာ ၂၅ နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အမှန်အဲဒီပိုက်လိုင်းတွေ က ဆယ်စုနှစ်တစ်ခုလောက်ပဲ ခံ နိုင်ရည်ရှိတယ်။ တချို့ပိုက်တွေ ကျတော့ မြေကြီးထဲ လုံးလုံးမြုပ် နေရင် ဒီထက်ပိုခံချင်ခံမှာပေါ့။ မြေကြီးအထက်ပေါ်နေတာမျိုး၊ ရွှံ့ဗွက်တွေထဲရောက်နေတာမျိုး တွေကြောင့်လည်း ပျက်စီးရတာ ရှိတယ်’’ဟု ဦးလှဝင်းဌေးက ပြော ကြားသည်။
ထိုသို့ ကြံ့ခိုင်မှုကျဆင်းနေ သည့် ပိုက်လိုင်းများ အကုန်အစအဆုံးမလဲလှယ်နိုင်သေးသော်လည်း ပိုက်လိုင်းစစ်ဆေး ရေးအဖွဲ့၏ တင်ပြချက်အပေါ် ကြည့်၍ ပြင်ဆင်ရန်လိုအပ်နေသည့်နေရာများကို တတ်နိုင်သလောက် ပြင်ဆင်လဲလှယ်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။
ပိုက်လိုင်းအချို့သည် လူနေ အိမ်များနှင့် နီးကပ်စွာရှိနေခြင်း ကြောင့် ပိုက်ပေါက်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားမည်ကို ရန်ကုန် မြို့နေ ပြည်သူအချို့က စိုးရိမ်နေကြသည်။
ရန်ကုန်မြို့သို့ သွယ်တန်း ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအချို့သည် ယခင်က လည်း မကြာခဏ ယိုစိမ့်မှုများရှိ ခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင်အ ဖျောက်ရေနံမြေမှ ရန်ကုန်မြို့သို့ သွယ်တန်းထားသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ရွှေပြည် သာမြို့နယ် သာဓုကန်အနီး၌ ပေါက်သွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့ ရာ အနီးရှိနေအိမ်နှစ်လုံးသို့ ကူး စက်ခံခဲ့သည်။
‘‘လူနေအိမ်နဲ့ နီးတဲ့ပိုက်လိုင်း တွေကိုတော့ ပိုပြီးစစ်ဆေးသင့် တယ်။ ဒါ့အပြင် ပိုက်လိုင်းနဲ့ ကပ် နေတဲ့ အိမ်တွေကို သတိပေးတာ မျိုးလုပ်သင့်တယ်’’ဟု အင်းစိန်မြို့ နယ်ရွာမရပ်ကွက်ရှိ သဘာဝဓာတ် ငွေ့ပိုက်လိုင်းအနီးနေထိုင်သူတစ် ဦးကပြောသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ဥပဒေတွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဘေးဘယ်ဘက် ပေ၅၀ နှင့် ညာဘက် ပေ ၅၀ တွင် လူနေ ထိုင်ခြင်းနှင့် သီးပင်စားပင်စိုက် ပျိုးခြင်း မပြုလုပ်ရန် တားမြစ် ထားသော်လည်း လိုက်နာမှု အား နည်းချက်များရှိနေဆဲဖြစ်ကြောင်း ဦးလှဝင်းဌေးကပြောသည်။
      သဘာဝဓာတ်ငွေ့ပိုက်ပေါက်မှုတွင် သက်တမ်းကြောင့်သာမကဘဲ လူအချို့၏ စည်းကမ်းမလိုက်နာမှုများကြောင့် ဖြစ်ခဲ့မှုများရှိခဲ့သည်ဟု ၎င်းကဆိုသည်။

0 comments:

Post a Comment