5.3.16

သူရဦးတင်ဦး သမ္မတ မဖြစ်နိုင်ကြောင်းနှင့် CEC ဆရာဝန်များလည်း မဖြစ်နိုင်ကြောင်း ဦးဝင်းထိန် ပြောကြား



သူရဦးတင်ဦး သမ္မတမဖြစ်နိုင်ကြောင်းနှင့် CEC ဆရာဝန်များလည်း မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရှိ နေအိမ်တွင် မတ် ၄ ရက် နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၁၂ နာရီခွဲခန့်အထိ နှစ်နာရီ နီးပါးအကြာ ဒေါ် အောင်ဆန်းစုကြည်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်(ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးအောင်တို့ တွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကိစ္စရပ်အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုအပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဦးဝင်းထိန်နှင့် မီဒီယာများ တွေ့ဆုံရာ၌ သမ္မတလောင်း ရွေးချယ်ထားမှုအပေါ် မေးမြန်းမှုအား ထိုသို့ဖြေကြားခဲ့သည်။

သတင်းများ ထွက်နေသည့် သမ္မတသည် အဘ ဦးတင်ဦးဆိုတာ ဟုတ်ပါသလားဟု မေးမြန်းမှုအား ဦးဝင်းထိန်က “ ဦးတင်ဦးအစား ကျုပ်တောင် ပိုတောင် ဖြစ်နိုင်သေးတယ်” ဟု ဖြေကြားသည်။

ထို့ပြင် အခြား သတင်းထောက်တစ်ဦး၏ အန်ကယ်ထိန် ဆရာဝန်ထဲမှ ဖြစ်မှာဆိုဟု မေးမြန်းမှုအား “ဆရာဝန်လား၊ NLD မှာ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ဆရာဝန် ၇၀ လောက်ရှိတယ်။ ခင်ဗျား အဲဒါလှည့် ဒါမျိုး နံထောက် (နံကြားထောက် စဉ်းစားခိုင်းသည့် ပုံစံလုပ်ပြ)” ဟု ပြောကြားသည်။

ထိုသို့ ဖြေကြားမှုအပေါ် အဆိုပါသတင်းထောက်က အန်ကယ်ထိန် CEC ဆရာဝန်ထဲကဆိုဟု ထပ်ဆင့်မေးမြန်းရာ “မဖြစ်နိုင်ပါဘူး” ဟု ဦးဝင်းထိန်က (ခေါင်းယမ်း၍) ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများတွင် ၀န်ကြီးနေရာများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ထဲမှ ရာခိုင်နှုန်း ၄၀ ခန့်သာ ပါဝင်မည်ဖြစ်ပြီး ကျန်လူများမှာ အခြားပါတီများနှင့် ပြင်ပမှဖြစ်ကာ NLD မှ ပါဝင်မည့် ၀န်ကြီးအရေအတွက် စာရင်းအား မတ် ၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၂ ခုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာများအား ရယူထားပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ တစ်ဦးတို့အား ရွေးချယ်၍ အစိုးရဖွဲ့စည်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ခုတွင် ၄၇၅ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် (တိုင်းရင်းသားရေးရာဝန်ကြီး) ၂၁ နေရာ အနိုင်ရရှိထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment