8.4.16

ပြည်ပရင်းနှီးမြှုပ်နှံငွေများ တရားမဝင် လမ်းကြောင်းမှလွှဲသည့် လုပ်ငန်းရှင်များကို စစ်ဆေးရန်လိုဟုဆို

ပြည်ပမှရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များ၏ တရားမဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများကို စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားသည်။

“သန်း ၁ဝဝ ရင်းမယ်ဆိုပြီး ၁ဝ သန်းကို အလွှဲပြ၊ သန်း ၉ဝ ကို အောက်လမ်းက ငွေလွှဲလုပ်ပြီး ဒီလုပ်ငန်းထဲမှာလာရင်းလို့ ပြန်စစ်လိုက်ရင်ပေါ်မှာပဲ။ ဒါက ငွေကြေးခဝါချတာ။ အဲဒီလုပ်ငန်းရှင်တွေကို စစ်ဆေးပေးဖို့လိုတယ်”ဟု ၎င်းကပြောဆိုသည်။
အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များကလည်း တရားဝင်ငွေချေးပေးမှသာ တရားမဝင်လုပ်ငန်းများ လျော့ကျသွားမည်ဖြစ်ကာ လုပ်ငန်းရှင်များအနေနှင့်လည်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ငွေကြေးခဝါချခြင်းနှင့် ပတ်သက်၍ တိကျပြတ်သားသည့် ဥပဒေများဖြစ်စေရန် ပြန်လည်ဆန်းစစ်ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်။
ငွေကြေးခဝါချခြင်းနှင့်ပတ်သက်၍ နောင်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအပြင် အစိုးရသစ်နှင့်ပါ ပူးပေါင်းဆာင်ရွက်သွားမည်ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေရေးကြေးရေးမဟုတ်သော အဖွဲ့အစည်းများ သတင်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကုန်သည်/ စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့ကြောင်း ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment