8.4.16

ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းကို သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီနှစ်ခု ရင်းနှီး မြှုပ်နှံမည်

မြန်မာနိုင်ငံ အတွင်း သတ္တု အများဆုံး ထွက်ရှိသည့် ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း ကို ၂ဝ၁၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံရှိ First Light Mandalay Mining & Metals ကုမ္ပဏီနှင့် အိန္ဒိယ နိုင်ငံရှိ Balasore Alloys ကုမ္ပဏီတို့မှ တာဝန်ယူ လုပ်ဆောင်ရန် လျှောက်ထားကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

''ဒီကုမ္ပဏီ နှစ်ခုက လက်ရှိ ချင်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက အတွေ့အကြုံရှိပြီး နည်းပညာ မြင့်မားတာကြောင့် ဒီကုမ္ပဏီ နှစ်ခုကိုပဲ လုပ်ကိုင်ခွင့် ပေးဖို့ ရာနှုန်းပြည့် အခြေအနေ ရှိပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက မြေအောက် သတ္တုတူးဖော်တဲ့ အခါမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ကိုင်နိုင်မယ်လို့ စိတ်ချ ယုံကြည်ရပါတယ်'' ဟု ၎င်းက ပြောသည်။ ယင်း ကုမ္ပဏီများမှာ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ မင်းတပ်နှင့် ကန်ပက်လက် စသည့် မြို့တို့၌ မြေအောက် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ နှစ်ခုအား ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ယခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာသွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်း ကုမ္ပဏီ နှစ်ခုသည် ချင်းပြည်နယ်၌ အဆိုပါ လုပ်ငန်းအား လုပ်ကိုင်ခွင့် ရရှိခဲ့ပါက ငွေကျပ်သန်းနှင့်ချီ၍ အကုန်အကျခံ လုပ်ကိုင် သွားမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment