6.4.16

၂၀၁၅ ခုနှစ်က ကမ္ဘာတစ်ဝန်း၌ စစ်အသုံးစရိတ်များ မြင့်တက်ခဲ့


ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်အတွင်းက စစ်ရေးအသုံးစရိတ်များပါ မြင့်တက်လာခဲ့သည်။ သို့သော် လေးနှစ်ဆက်တိုက် စစ်အသုံးစရိတ်များ လျော့ကျခဲ့ပြီးနောက်မှ ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) မှ ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း စစ်အသုံးစရိတ်မှာ ဒေါ်လာ ၁ ဒသမ ၆၇ ထရီလျံ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် တစ်ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ဥရောပ အရှေ့ပိုင်း၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် စစ်အသုံးစရိတ် မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင်မူ စစ်အသုံးစရိတ်မှာ အတက်အကျမရှိဘဲ တန်းနေခဲ့သည်ဟု SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် စစ်အသုံးစရိတ် အများဆုံး သုံးစွဲသည့် နိုင်ငံအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်က အမေရိကန် စစ်အသုံးစရိတ်သည် ဒေါ်လာ ၅၉၆ ဘီလျံရှိပြီး ၂၀၁၄ ခုနှစ်၏ အောက် ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ သို့သော် ယင်းပမာဏသည် ယခင်နှစ်များအတွင်းက အသုံးစရိတ် လျော့ကျမှုနှင့် နှိုင်းယှဉ်ပါက ပိုမိုနည်းပါးနေသည်။ လက်ရှိတွင် IS အုပ်စုကို တိုက်ခိုက်နေရသည့် စစ်ပွဲကြောင့် အမေရိကန်၌ အရေးပေါ် ပြည်ပစစ်ဆင်ရေး အသုံးစရိတ်များလည်း ရှိနေသည်ဟု SIPRI မှ အကြီးတန်းလေ့လာသူ ဆမ်ပါလိုဖရီးမန်က ဆိုသည်။

ဒုတိယမြောက် စစ်အသုံးစရိတ် အများဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပြီး ဒေါ်လာ ၂၁၅ ဘီလျံ ရှိခဲ့သည်။ ဆော်ဒီအာရေဗျသည် ၂၀၁၅ ခုနှစ်က စစ်အသုံးစရိတ် ဒေါ်လာ ၈၇ ဒသမ ၂ ဘီလျံဖြင့် ရုရှားကို ကျော်တက်ပြီး တတိယ နေရာကို ရရှိခဲ့သည်။ ရုရှား၏ စစ်အသုံးစရိတ်မှာ ဒေါ်လာ ၆၆ ဒသမ ၄ ဘီလျံရှိသည်။

၂၀၀၆ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း အမေရိကန်၏ စစ်ရေးအသုံးစရိတ်မှာ လေးရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ တရုတ်၏ စစ်အသုံးစရိတ်မှာမူ ၁၃၂ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပြီး ဆော်ဒီနှင့် ရုရှားတို့၏ စစ်အသုံးစရိတ်များမှာလည်း ၉၇ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြသည်။

“အခုလို အပြောင်းအလဲဖြစ်ခဲ့တာဟာ ရုရှား၊ IS နဲ့ နေတိုးတို့ရဲ့ မူဝါဒတွေကြောင့် ဖြစ်ပါတယ်” ဟု ပါလိုဖရီးမန်းက ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ၂၀၂၄ ခုနှစ်အထိ စစ်အသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်း ဆက်လက် အသုံးပြုရန် သဘောတူထားကြသည်ဟု သိရသည်။

၂၀၁၄ ခုနှစ်က စစ်အသုံးစရိတ် အများဆုံး နံပါတ်ငါးနေရာတွင် ရှိနေသည့် ပြင်သစ်က ဗြိတိန်နှင့် အိန္ဒိယတို့ နောက်သို့ရောက်ကာ နံပါတ်ခုနစ်နေရာတွင် ရှိနေသည်။ အနောက် ဥရောပဒေသတွင်မူ စစ်အသုံးစရိတ်များမှာ ဆက်တိုက် ကျဆင်းနေဆဲဖြစ်သည်။ အာရှ၌ တရုတ်၊ မြောက်ကိုရီးယားနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် အင်ဒိုနီးရှား၊ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် စစ်အသုံးစရိတ်များ မြင့်တက်လာကြသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment