6.4.16

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ပြည်နယ်ဝန်ကြီးတာဝန်ကို ထမ်းဆောင်မည်ဟု ANP အမတ်ဆို


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး တာဝန်ကိုထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့ တွင်ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးသို့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများစာရင်းကို တင်သွင်းရာတွင် ရမ်းဗြဲမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“ကျွန်တော် အခုပေးတဲ့တာဝန်ကို ကျွန်တော်တို့ပြည်နယ် ကျွန်တော်တို့နိုင်ငံ အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး ထမ်းဆောင်သွားမယ်လို့ ရည်ရွယ်ထားတယ်။အဲဒီ တာဝန်ကို ထမ်းဆောင်သွားမယ်”ဟု ၎င်းကဆိုသည်။
ယင်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် ပါတီ၏ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။
“ပါတီကူးပြောင်းရင် သိန်း ၅ဝဝ လျော်ရမယ်ဆိုတာတော့ရှိပါတယ်။ အခု ကျွန်တော်ကပါတီက ကူးပြောင်းတာ မဟုတ်ဘူး။ မိခင်ပါတီကို သစ္စာရှိစွာ ဆောင်ရွက်သွားမယ်”ဟုပြောကြားသည်။
ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရရှိခဲ့သောကြောင့် NLD ပါတီက ဦးဆောင် ဖွဲ့စည်းသည့် ပြည်နယ် အစိုးရအဖွဲ့တွင် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည်ဆိုပါက ပါတီစည်းကမ်း အရ အရေးယူမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အချို့က ထုတ်ဖော်ပြောဆိုထားသည်။
“ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှာ ANP အမတ်ကို တာဝန်ပေးအပ်မှု နဲပတ်သက်ပြီး ဒီအပေါ်မှာ လက်ခံသင့် မသင့် သက်ဆိုင်တဲ့ အမတ်ကို ပါတီကခေါ်ပြီး တွေ့ဆုံသွားမယ်” ဟု ရခိုင်အမျိုး သားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖေသန်းက ပြောကြားသည်။
ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းလိုကြောင်း NLD ပါတီထံ တရားဝင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က NLD ပါတီဝင် ဦးညီပုကိုသာ အဆိုပြုရွေးချယ်ခဲ့သည်။
ယင်းသို့ ပြည်နယ်ဝန်ကြီးချုပ်ကို NLD ပါတီဝင်ခန့်အပ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်အတွင်း ယင်းအစည်းအဝေးမှ ထထွက်ခွာခဲ့ကြသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment