6.4.16

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားများ မတ်တပ်ရပ် ကန့်ကွက်ခဲ့



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုရန် သဘောတူခြင်း ရှိ၊ မရှိ ပြည်သူ့လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတ်တပ်ရပ် ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ များပြားသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု ခဲ့ကြောင်း သိရသည်။


အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးချိန်တွင် ၎င်းတို့၏ အကြံပြု တင်ပြချက်များကို မဲခွဲဆုံးဖြတ်ပါက မဲပေးမည်မဟုတ်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုခဲ့ပြီး ဥပဒေတစ်ခုလုံးကို အတည်ပြုချိန်တွင် ထိုကဲ့သို့ မတ်တပ်ရပ် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အခန်း(၃) တွင်ပါဝင်သော "၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်" ဖော်ပြချက်နှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်သီဟက ဆွေးနွေးခဲ့ရာတွင် ပါဝင်သော အချက်အချို့နှင့် ပတ်သက်ပြီး မပြောသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးမှု ရှိခဲ့သည်။

ဗိုလ်မှူးကြီး အောင်သီဟ၏ ပြောဆိုချက်များတွင် တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်း၊ ဥပဒေနှင့်မညီသော လုပ်ပိုင်ခွင့်များ ပေးအပ်ရန် ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ခြင်း စသည့် ပြောဆိုမှုများ ပါဝင်ခဲ့သည့်အတွက် မပြောဆိုသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားခဲ့သည်။ ထို့နောက် ဥပဒေကြမ်းကော်မတီ၏ သဘောထားကို တင်ပြစေပြီး ထိုအပိုဒ်ကို မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာ မဲပေးခွင့်ရှိသူ ၄၀၆ ဦးအနက် ထောက်ခံမဲ ၂၂၅ မဲရရှိပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါသည်။

ဥပဒေကြမ်း အခန်း(၄) ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်သီဟနှင့် ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေတို့က ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ ဆွေးနွေးရာတွင်လည်း ၎င်းတို့၏ အကြံပြု တင်ပြချက်များကို မဲခွဲဆုံးဖြတ်ပါက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မဲပေးမည်မဟုတ်ဟု ထပ်မံပြောကြားခဲ့ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များတိုင်း လုပ်ဆောင်ရန် တပ်မတော်က လေးလေးနက်နက် တိုက်တွန်းကြောင်းဟုလည်း ဗိုလ်မှူးကြီး အောင်သီဟက ပြောကြားခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment