6.4.16

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် သုံးနိုင်ရန်စီစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိလူနာများ ဆေးကုသမှုဌာနများတွင် ဆေးရုံဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်(Hospital Management Information System)ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

“ကွန်ရက်ချိတ်ဆက်မှု(Net working)သာ သုံးနိုင်ခဲ့မယ်ဆိုရင် ဆေးကုသဌာနတစ်ခုက လူနာတစ်ဦးရဲ့ အခြေအနေကို လိုင်းပေါ်တင်ပေးလိုက်တာနဲ့ တခြားဌာနတစ်ခုက ကြည့်ချင်တဲ့အခါ Click တစ်ချက်နှိပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ လူနာနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရောက်လာပြီး ကြည့်နိုင်မှာဖြစ်ပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။
ယခင်က ဆေးရုံသို့လာရောက်ကုသသည့် လူနာတစ်ဦးသည် သွေးဖောက်စစ်ဆေးခြင်းစသော စမ်းသပ်မှုများပြုလုပ်ပါက ဓာတ်ခွဲခန်းသို့သွားကာ စစ်ဆေးချက်အဖြေကိုစောင့်ဆိုင်းရသဖြင့် ရလဒ်အဖြေပျောက်ဆုံးခြင်းနှင့် အခြားကုသဆောင်တစ်ခုခုသို့ ပေးပို့လိုပါက စောင့်ဆိုင်းရသည့်အချိန် ကြာမြင့်သော်လည်း ယခုကဲ့သို့ကွန်ရက်ချိတ်ဆက်မည်ဆိုပါက လူ့စွမ်းအားနှင့် အချိန်ဆုံးရှုံးမှု များစွာသက်သာမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါကုသပေးသည့်အထူးဌာနများ(Specialities) ၂၄ ခု၊ ရောဂါအမျိုးအမည် ဖော်ထုတ်ခြင်းနှင့်ဆိုင်သော ဌာနများ(Diagnostic Departments) ငါးခုနှင့် အကူဌာနများ(Auxiliary Depart- ments) ၁၁ ခုအထိရှိသော်လည်း ကွန်ရက်ချိတ်ဆက် အသုံးပြုခြင်းကို ပထမဦးစာပေးအနေဖြင့် အဆောက်အအုံ၏ တည်နေရာ၊ ဌာနတစ်ခုနှင့်တစ်ခု အကွာအဝေးအပေါ်မူတည်ကာ အရေးပေါ်ကုသဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အထွေထွေ ဆေးကုသဌာနနှင့် အထွေထွေခွဲစိတ်ဌာနများတွင် တပ်ဆင်ရာမှ အခြားသောဌာနများသို့ပါ တဖြည်းဖြည်းတိုးမြှင့်တပ်ဆင်မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် Hospital Management Information System ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ခဲ့ပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများအနက် ပထမဆုံးကွန်ရက် ချိတ်ဆက်မှုအသုံးပြုသည့် ဆေးရုံကြီးဖြစ်လာမည်ဟု ယင်းဆေးရုံကြီးထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment