5.5.16

ကြံ့ခိုင်ရေး ပါတီညီလာခံခေါ်ယူရေး ရက်ပိုင်း၊ လပိုင်းဖြင့် ပြုလုပ်မရသောကြောင့် အချိန်ပေးရမည်ဟု ဦးဋ္ဌေးဦးဆို


နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန် ဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ယူလျက်ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံ ခေါ်ယူ ကျင်းပနိုင်ရေးသည် ရက်ပိုင်း၊ လပိုင်းဖြင့် ပြုလုပ်မရသောကြောင့် အချိန်ပေးရမည်ဖြစ်ကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။


မေလ ၃ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် ပါတီညီလာခံ ကျင်းပရေးနှင့် ပတ်သက်သော ဦးဌေးဦး၏ ပြောဆိုချက်များကို ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံသည် ဗဟိုမှ အောက်ခြေသို့ ဆင်းသက်ခြင်း မဟုတ်သောကြောင့် အချိန်ပေးရမည်ဖြစ်ကြောင်း ဦးဌေးဦးကဆိုသည်။

“ပါတီညီလာခံသည် ဗဟိုကနေ ဆင်းသွားတာ မဟုတ်ဘူး။ ဟိုးအောက်ခြေကနေပြီးတော့ ဗဟိုအထိကိုရောက်လာတာ ဖြစ်တဲ့အတွက် ရက်ပိုင်း၊ လပိုင်းနဲ့ လုပ်လို့မရဘူး။ အချိန်ပေးရတယ်။ ကျွန်တော်တို့ ဇွန်၊ ဇူလိုင်တွင် လုပ်နိုင်မယ်လို့ မှန်းတယ်။”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပါတီ ညီလာခံခေါ်ယူ ကျင်းပနိုင်ရေးအတွက် ပါတီအောက်ခြေ ရပ်/ကျေး အဖွဲ့ဝင်များ နှင့် မြို့နယ်အဆင့် ပါတီဝင်များ ရွေးချယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှသိရသည်

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သော ဆက်ဆံရေးရှိသူ သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လအတွင်း ဖယ်ရှားခဲ့သည်။

ထို့အပြင် သူရဦးရွှေမန်းနှင့် နီးစပ်သူ ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့ကို မူလရာထူးများမှ ဖယ်ရှားခဲ့ပြီးသော်လည်း သာမန် ပါတီဝင်အဖြစ် ဆက်လက် လက်ခံထားဆဲဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။

ယင်းနောက် ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရဟုဆိုကာ သူရဦးရွှေမန်း အပါအဝင် ၎င်းနှင့် နီးစပ်သူ ၁၇ ဦးကို ပါတီမှ ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ပါတီမှ ထုတ်ပယ်ခံထားရသူများက ယင်းပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူရန် ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က ဆန္ဒလက်မှတ်များ ရေးထိုးပြီးနောက် ဦးသိန်းစိန်ထံ တောင်းဆိုထားပြီးဖြစ်သည်။

သို့သော်လည်း အဆိုပါ ဆန္ဒလက်မှတ်များသည် သူရဦးရွှေမန်း ထုတ်ပယ်ပြီးနောက် ရေးထိုးသော လက်မှတ်များ မဟုတ်ဘဲ ဇန်နဝါရီလ အတွင်းက ပါတီညီလာခံ ခေါ်ယူရေးအတွက် ရေးထိုးထားသော ဆန္ဒလက်မှတ်များဖြစ်ကြောင်း လက်ရှိ ပါတီဗဟိုကော်မတီဝင်အဖြစ် ကျန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးတီမှ ထုတ်ပယ်ခံရသော ကိစ္စရပ်နှင့်ပတ်သက်ပြီး ပါတီညီလာခံ သို့မဟုတ် ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုထားသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment