5.5.16

အရေးကြီးဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင် ရှင်းလင်း

ယနေ့ (မေ ၅ ရက်) တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်၌ အရေးကြီးအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် ထိန်းသိမ်းပြုပြင်ရန် နောက်ကျလျက်ရှိသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက်ရှိ မုန်းတမံနှင့် ကျီးအုံကျီးဝ တမံပျက်ဆီးမှုများနှင့် စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ် နယ်စပ်၊ ရာဇဂြိုလ်ဆည်အထက်ရှိ သဘာဝ မြေပြိုကန်တို့အတွက် ယခုလာမည့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးတင်ပြရာတွင် မိမိ၏ အဆိုမှာ အရေးကြီးအဆိုအဖြစ် တင်ထားတာ ကြာပြီဖြစ်ကြောင်း ပြောကြားမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြန်လည် ရှင်းပြခဲ့ခြင်းဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ကျွန်မ ဒီအဆိုကို ဧပြီလ လွှတ်တော်မရပ်နားမီ အချိန်ကပင် အရေးကြီးအဆိုတစ်ရပ်အနေနဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ဒီအဆိုဟာ စတင်ခါစက ပြီးခဲ့တဲ့ ၅ ရက်နေ့က အရေးကြီးအဆိုနဲ့တင် သွင်းခဲ့တယ်။ ယခု သာမန်အဆိုအဖြစ်နဲ့ နောက်ကျပြီး တင်သွင်းခွင့်ရခဲ့တယ်လို့ အဆိုရှင်က ဆွေးနွေးသွားတာ ကြားသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်က ပြီးခဲ့တဲ့ ၆ ရက်နေ့မှာ ရပ်နားတာ အားလုံးအသိပါ။ ဒါက တစ်ခု။ နောက်တစ်ခုက အရေးကြီးအဆိုကနေပြီးတော့ သာမန်အဆိုအဖြစ်နဲ့ တင်သွင်းခွင့်ရတယ်ဆိုတာက ဒီ Issue ကို ကျွန်တော် ဖတ်ပါတယ်။ ဖတ်တဲ့အခါမှာ ခုနက အဆိုရှင်ဆွေးနွေးသလိုပဲ စာထဲမှာရော အခုဆွေးနွေးတဲ့အခါမှာရော တွေ့ရတာက ထိန်းသိမ်းပြုပြင်ရန်နောက်ကျလျက်ရှိသဖြင့် တင်တာက တစ်ကြောင်း၊ နောက်တစ်ခုက ဒီလို ဆည်တွေ ကျိုးပေါက်မယ်ဆိုလို့ရှိရင် ဖြစ်လာမယ့် အန္တရာယ်တွေအတွက် စေတနာပါတာ တစ်ကြောင်း ဒီလိုတော့ ပါပါတယ်။ သို့သော် အရေးကြီးအဆိုမှာ သတ်မှတ်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ မဖြစ်ပေါ်သေးတဲ့ ကိစ္စကို အရေးကြီးအဆို တင်လို့မရပါဘူး။ ခုနကလိုပဲ ဆည်တွေကျိုးပေါက်လို့ရှိရင် ဘယ်လို အန္တရာယ် ဖြစ်လာမယ်ဆိုပြီးတော့ မိမိရဲ့ ထင်မြင် ယူဆချက်တွေကို အရေးကြီးအဆို တင်လို့မရပါဘူး။ ထို့အတူပဲ အရေးကြီးအဆိုမှာ လောလောဆယ်ဖြစ်ပွားနေတဲ့ ကိစ္စဖြစ်ရမယ်။ အဲ့ဒီ အရေးကြီးအဆိုသည် လောလောဆယ် ဖြစ်ပွားနေရုံတင် မကဘူး သာမန်နည်းလမ်းနဲ့ သာမန်အဆိုအားဖြင့် ဆွေးနွေးလို့ မရတဲ့ အခြေနေမျိုးဖြစ်တာ ဒီလို သတ်မှတ်ထားတဲ့ အင်္ဂါရပ်တွေ ရှိတယ်။ ဒါကြောင့်မိုလို့ ဒီအဆိုကို အရေးကြီးအဆိုအဖြစ်ကနေပြီးတော့ သာမန်အဆိုအဖြစ် ကျွန်တော်တင်သွင်းခွင့်ပေးခဲ့တယ်။ နောက်ကျတဲ့အကြောင်းပြောမယ်ဆိုရင် ကျွန်တော်တို့ ၆ ရက်နေ့မှာ လွှတ်တော်နားတယ်။ အခုမှ ၂ ရက်နေ့ကမှ ပြန်စတယ်။ ဒါ အားလုံးကို သိစေချင်ပါတယ်။ ကျွန်တော် ဒီလို မရှင်းပြလို့ ရှိရင် ကျွန်တော်တို့ လွှတ်တော်ကပဲ အရေးကြီးအဆိုတင်ထားတာကို နောက်ကျပြီးမှ ပေါ်လာသလို ဖြစ်မှာစိုးလို့ ကျွန်တော် ပွင့်ပွင့်လင်းလင်း တင်ပြတာပါ။ အရေးကြီးအဆိုကို အင်္ဂါရပ်နဲ့ ညီအောင်လုပ်ပါ။ အင်္ဂါရပ်နဲ့ညီရင် အရေးကြီးအဆိုအဖြစ် ကျွန်တော်တို့က ပေးလိုက်မှာပါ။ အဲ့ဒီတုန်းကတည်းက အင်္ဂါရပ်နဲ့ မညီလို့ ကျွန်တော် အဆိုရှင်ကို ခေါ်ဆွေးနွေးတယ်။ အင်္ဂါရပ်နဲ့ မညီဘူး။ သာမန်အဆိုကိုတော့ ကျွန်တော်ပေးမယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ အဲ့ဒါကြောင့် မသိတဲ့ အခါကျတော့ ကျန်တဲ့ကိုယ်စားလှယ်တွေက အရေးကြီးအဆိုတင်တာကို ဘာလို့ သာမန်အဆိုအဖြစ်နဲ့ နောက်ကျပြီးတော့ လွှတ်တော်မှာ ပေါ်လာသလဲလို့ ယုန်ထင်ကြောင်ထင် ဖြစ်မှာစိုးလို့ ကျွန်တော့်ဘက်က ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ထို့နောက် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် ထိန်းသိမ်းပြုပြင်ရန် နောက်ကျလျက်ရှိသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက်ရှိ မုန်းတမံနှင့် ကျီးအုံကျီးဝ တမံပျက်ဆီးမှုများနှင့် စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ် နယ်စပ်၊ ရာဇဂြိုလ်ဆည်အထက်ရှိ သဘာဝ မြေပြိုကန်တို့အတွက် ယခုလာမည့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခဲ့ပြီး ဆက်လက်၍ လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်က သဘောတူသဖြင့် ဆွေးနွေးရန် ဆုံးဖြတ်ကြောင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment