4.5.16

ကြားဖြတ်ရွေးကောက်ပွဲများအား လွှတ်တော်သက်တမ်း ပထမနှစ်နှင့် ပဉ္စမနှစ်တို့တွင် ကျင်းပခြင်းမပြုရန် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်သို့ တင်သွင်း


ကြားဖြတ်ရွေးကောက်ပွဲများအား လွှတ်တော်ပုံမှန် သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်တို့တွင် ကျင်းပခြင်း မပြုရန် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ရန် ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်သည့်  ဥပဒေကြမ်း သုံးခုအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က မေ ၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းသုံးခုမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်  ပြင်ဆင်သည့် ဥပဒေကြမ်းများ ဖြစ်သည်။
“အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတော့ ပုံမှန်သက်တမ်းကာလမှာ ကျွန်တော်တို့ ကော်မရှင်အနေနဲ့က ယခင်တုန်းက ကျန် ရှိနေခဲ့တဲ့ ကန့်ကွက်လွှာခုံရုံးအမှုတွေကို လည်းပဲတော်တော်များများ ဆောင်ရွက်နေ ရပါတယ်။ အဲဒီ ကန့်ကွက်လွှာအမှုတွေဟာ သက်သေအနည်းဆုံး ၃၀ ကနေ ၇၀ အထိ အများဆုံးရှိပါတယ်။ ပထမဆုံးရွေးကောက် ပွဲလုပ်ဖို့ကိစ္စမှာ လွှတ်တော်ရဲ့ ပထမသက်တမ်းမှာ ဒီကိစ္စတွေဆောင်ရွက် နေရပါ တယ်။ နောက်တစ်ခါ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုလည်း ကျွန်တော်တို့က ဖွဲ့ စည်းရဖို့ဆောင်ရွက်ရမယ့် လုပ်ငန်းများလည်း ရှိပါတယ်။ နောက်တစ်ခါနောက်ဆုံး လွှတ်တော်ရဲ့သက်တမ်းပဉ္စမနှစ်မှာလည်းပဲ  အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပရ မှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥပဒေပြင်ဆင်ရသည့် ရည်ရွယ်ချက်အား ပြောကြားသည်။
ဥပဒေကြမ်းသုံးခုတွင် အဓိက ပြင်ဆင်ချက်မှာ မူရင်း ဥပဒေသုံးခုစလုံးတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၈၉ အား ပြင်ဆင်ခြင်းဖြစ်သည်။
ဥပဒေကြမ်းများတွင် ပုဒ်မ ၈၉ အား “ကော်မရှင်သည် လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်ပါက ကြားဖြတ်ရွေးကောက်ပွဲများကို (က) လွှတ်တော်ပုံမှန် သက်တမ်း၏ ပထမနှစ်တွင်းနှင့် ပဉ္စမနှစ်အတွင်းတို့တွင် ကျင်းပခြင်းမပြုရ။ (ခ)လွှတ်တော် ပုံမှန်သက်တမ်း၏ ဒုတိယနှစ် တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင်သာ ကျင်းပပေးရမည်။ (ဂ)လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့်အခါ ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ ကျင်းပပေးရမည်” ဟု ပြင်ဆင်ထားသည်။
အဆိုပါ ဥပဒေကြမ်းသုံးခုအား ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တစ်ခုချင်းစီ သီးခြားတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်း ကော်မတီကလည်း ဥပဒေကြမ်းတစ်ခုချင်းစီအား လေ့လာတွေ့ရှိချက် အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းခဲ့သည်။
ဥပဒေကြမ်းသုံးခုအပေါ် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ပြင်ဆင်ချက် ပုဒ်မ ၈၉ (က)နှင့် (ဂ)တို့ အားပေါင်းစပ်၍ အရေးအသားအချို့ ပြင်ဆင်ခဲ့ပြီး ပုဒ်မ ၈၉ (ခ)အား ဥပဒေကြမ်းပါ ပြင်ဆင်ချက်အတိုင်း ထားရှိအတည်ပြုရန် တင်သွင်းခဲ့သည်။
ဥပဒေကြမ်းကော်မတီက  ပြင်ဆင်တင်ပြခဲ့သည် ပုဒ်မ ၈၉ (က) တွင် “တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်လျှင် လွှတ်တော် ကိုယ်စားလှယ်လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့် နေ့မှစ၍ ပထမနှစ်အတွက် တစ်နှစ် အတွင်းတွင် လည်းကောင်း၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များအတွက် ခြောက်လတွင်လည်းကောင်း၊ ပုဒ်မ ၅၀ ပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက်တင်မြှောက်ပြီး ဖြစ်ရမည်” ဟု ဖော်ပြထားသည်။
မေ ၃ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ရှိ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြောင်းလဲအစားထိုး  ဖွဲ့စည်းခဲ့ရာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်ခင်စန်းလှိုင် ပုလဲမဲဆန္ဒနယ်အား ကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ လစ်လပ်သွားသည့် အတွင်းရေးမှူးနေရာတွင်  ဦးတင်ထွန်းနိုင် ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ်အား လည်းကောင်း ပြောင်းလဲအစားထိုး ဖွဲ့စည်းခဲ့ပြီး ဥပဒေကြမ်းကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါ်မာမာခိုင် သထုံမဲဆန္ဒနယ်အား လည်းကောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါက်တာ ဒေါ်ရွှေပုံ ပဲခူးမဲဆန္ဒနယ်အား လည်းကောင်း၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါက်တာ ဦးစောနိုင် တောင်ဥက္ကလာပ မဲဆန္ဒနယ်အား လည်းကောင်း အစားထိုး ဖွဲ့စည်းခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment